BREAKING
September 16, 2024

စစ်အာဏာရှင်ကို ကျပ်လာသည့် ကျပ်

August 14, 2024

ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းလာမှုနှင့်အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာရှင်တို့ အကျပ်ရိုက်လာသည်။

တစ်ဘတ် ကျပ် ၂၀၀ ဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်ဆိုသည့် စံချိန်တင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုက ပြည်သူများ အကြားတွင် စိုးရိမ်မှုနှင့် မကျေနပ်ချက်များ အထွဋ်အထိပ်သို့ ရောက်ရှိလာစေသည်။

အာဏာမသိမ်းမီက ကျပ်တစ်သိန်းလျှင် ဘတ် ၂၃၀၀ ရရှိခဲ့သော်လည်း အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၉၀ ရောက်လာချိန် တွင် ကျပ်တစ်သိန်းလျှင် ဘတ် ၅၀၀ ကျော်ကျော်သာရတော့သည့် အခြေအနေ။

အရပ်သား အစိုးရလက်ထက်တွင် အတက်အကျ မရှိသလောက်နည်းပြီး တည်ငြိမ်ခဲ့သည့် ကျပ်ငွေတန်ဖိုးမှာ အတက်ကြမ်းကြမ်းဖြင့် တန်ဖိုးမဲ့လာနေသည်။

စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များသာ ပြည်တွင်းမှထွက်ရှိပြီး အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ အသုံးအဆောင်၊ လောင်စာဆီ၊ ဆေးဝါးစသဖြင့် လိုသမျှအရာအားလုံး ပြည်ပမှ မှာယူတင်သွင်းနေရသည့် မြန်မာနိုင်ငံအတွက် ကျပ်ငွေတန်ဖိုးကျဆင်းမှုက အထွေထွေ ကုန်စျေးနှုန်း ကြီးမြင့်မှုကို ဖြစ်ပေါ်စေသည်။

ယင်းအပြင် ကျပ်ငွေဖြင့် လုပ်ကိုင်သည့် စျေးဆိုင်များမှသည် လုပ်ငန်းအားလုံးနီးပါး ရပ်တန့်ရမည့် အခြေအနေကို ဆိုက်ရောက်သွားစေသည်။

ပြည်သူများ ကျပ်သထက်ကျပ်လာသည့် အခြေအနေများကြောင့် စစ်အာဏာသိမ်းမှုကို မူလက ထောက်ခံခဲ့သူများ၊ မသိကျိုးကျွန်ပြုကာ ကိုယ့်နှင့် မသက်ဆိုင်သလိုနေသူများပင် စစ်အာဏာရှင်ကို လက်မခံတော့ကြောင်း ပုံစံမျိုးစုံဖြင့် ပြသလာနေသည်။

ပြည်သူများ အကျပ်အတည်းဆိုက်လာခြင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရှင်တစ်စုကို အသက်ရှူကျပ်လာစေသည်။

အလွန်အမင်း ငွေဖောင်းပွမှုဖြစ်ပေါ်လာသည့် အကျိုးဆက်က အာဏာဆက်လက် ရယူထားလိုသည့် ၎င်းတို့အတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်ကြောင်း စစ်အာဏာရှင် တစ်စုကောင်းကောင်း သိနေသည်။

ယင်းကြောင့်ပင် ဆေးမြီးတိုနည်းမျိုးစုံဖြင့် ကျပ်အသက်ကယ်ရေးအတွက် နည်းလမ်းစုံသုံး ကြိုးပမ်းလာသည်။

ကျပ်တန်ဖိုး ဘာကြောင့်ကျ

စစ်အာဏာရှင်တစ်စု လက်ထက်တွင် ကျပ်ငွေတန်ဖိုးမှာ တောက်လျှောက်ကျဆင်းလာပြီး အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာချိန်တွင်တော့ အလွန်အမင်း ဆိုးရွားသည့် အဆင့်ကို ရောက်ရှိနေသည်။

လက်ရှိငွေကြေးဖောင်းပွမှုမှသည် အလွန်အမင်းငွေကြေးဖောင်းပွမှု အဆင့်ကို ဦးတည်နေပြီဖြစ်သည်။

ကျပ်ငွေတန်ဖိုး ကျဆင်းရခြင်းနှင့်ပတ်သက်၍ ပညာရှင်များ ထောက်ပြသည့် အချက်များတွင် အဓိကကျသည့် အချက် ၅ ချက်ရှိကြောင်း တွေ့ရသည်။

အဓိကအကျဆုံး အချက်တစ်ခုမှာ ငွေစက္ကူအလွန်အကျွံ ရိုက်ထုတ်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက စစ်လက်နက်ပစ္စည်းဝယ်ယူခြင်း၊ တပ်သားသစ်စုဆောင်ခြင်း၊ စစ်ရေးအသုံးစရိတ် စသဖြင့် စစ်ပွဲအတွက်လိုအပ်သည့် ကုန်ကျစရိတ်များကို ငွေစက္ကူရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းနေသည်။

ကျပ်တစ်သောင်းတန်များ ငွေစက္ကူများကို လစဉ်အလွန်အကျွံ ရိုက်နှိပ်ထုတ်ဝေနေကြောင်း အထောက်အထားများဖြင့် သတင်းများတွင် ဖော်ပြနေသည်မှာ သက်သေတစ်ခုဖြစ်သည်။

ဒုတိယအရေးကြီးသည့်အချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းနေသလို၊ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခြင်း၊ ပို့ကုန်များ ကျဆင်းခြင်းတို့ကြောင့် နိုင်ငံခြားငွေကြေး အဝင်နည်းနေချိန်တွင် စစ်အသုံးစရိတ်အတွက် နိုင်ငံခြားငွေသုံးစွဲမှု မြင့်မားနေခြင်းဖြစ်သည်။

တတိယအချက်မှာ ငွေကြေးဖောင်းပွမှု စဖြစ်လာချိန်တွင် မှန်ကန်သည့် မူဝါဒများဖြင့် ကိုင်တွယ်ရမည့်အစား လုပ်ငန်းရှင်များနှင့် ဘဏ်ပိုင်ရှင်များကို ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းမှာ ငွေကြေးစျေးကွက်အပေါ် သက်ရောက်မှုပိုမိုကြီးသွားစေပြီး ဂယက်ရိုက်မှု ပြင်းထန်သဖြင့် ကျပ်ငွေစျေးကွက် အလျင်အမြန်ပြိုကျသွားစေခြင်းဖြစ်သည်။

ငွေကြေးတည်ငြိမ်မှုမရှိသဖြင့် လူထုက ကျပ်ငွေအပေါ်ယုံကြည်မှု ကျလာခြင်းကလည်း နောက်ထပ်အရေးပါသည့် အချက်ဖြစ်နေသည်။

ကျပ်ငွေကိုင်ထားခြင်းကြောင့် နေ့စဉ်တန်ဖိုးကျဆင်းလာမည်ကို စိုးရိမ်လာသည့် လူထုက ကျပ်ငွေအစား ပိုမိုခိုင်မာသည့် ရွှေ၊ အိမ်ခြံမြေ၊ ဒေါ်လာနှင့် ဘတ်စသည်တို့ကို ဝယ်ယူလာကြသည်။

ယင်းအချက်များအပြင် ဝန်ထမ်းများ လစာတိုးမြှင့်မည်ဆိုသည့် စစ်ကောင်စီ၏ အစီအမံကလည်း လတ်တလော ကျပ်ငွေတန်ဖိုးကျဆင်းရသည့် ဂယက်တစ်ခုဖြစ်စေခဲ့သည်။

စီးပွားရေးမြင့်မားလာသဖြင့် လစာတိုးခြင်းမျိုးမဟုတ်ဘဲ နိုင်ငံခြားအရန်ငွေ လက်ထဲမရှိသည့်အပြင် စီးပွားရေးကျဆင်းသဖြင့် နိုင်ငံခြားဝင်ငွေ မရှိသည့်အချိန်တွင် လစာတိုးရန်စီစဉ်ခြင်းဖြစ်သည်။

ယင်းအတွက် လိုအပ်သည့်ငွေကြေးကို ငွေစက္ကူရိုက်နှိပ်ဖြေရှင်းရန်သာ ရှိသည့်အတွက် ငွေကြေးတန်ဖိုး ဇောက်ထိုးဆင်းသွားခြင်းဖြစ်သည်။

ဘတ်စျေးနှင့် စျေးကွက်ဂယက်

ဘတ်စျေးအပြောင်းအလဲမှာ တနင်္သာရီတိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးအပေါ် သက်ရောက်မှု ကြီးမားသည်။

မြန်မာနိုင်ငံတွင် ထိုင်းကုန်ပစ္စည်းကို အဓိကဝယ်ယူစားသုံးကြသလို အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူအများအပြား ရှိနေရာ ထိုင်းဘတ်စျေး တက်သည့်အတွက် မြန်မာနိုင်ငံသား အများစုအခက်အခဲ ပိုမိုကြုံတွေ့နေရကြောင်းတွေ့ရသည်။

လတ်တလောတွင်ပင် ထိုင်းငွေ ၁ ဘတ်ကို ၁၉၈ ကျပ်အထိ ပေါက်ဈေးရှိနေပြီး မြန်မာငွေနှင့် ထိုင်းငွေကွာဟချက်မှာ အဆ ၂၀၀ နီးပါးရှိလာသည်။

စစ်တပ်အာဏာမသိမ်းမီ တစ်ရက်အလိုဖြစ်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကမူ ထိုင်းငွေတစ်ဘတ်ကို ၄၄ ကျပ်သာ ပေါက်ဈေးရှိခဲ့သည်။

စံချိန်တင်တက်နေသည့် ထိုင်းဘတ်ဈေးမှာ မှန်းဆ၍မရတော့ဘဲ ငွေလဲလုပ်သည့် အချိန်တိုင်း အရှုံးဖြင့်သာရင်ဆိုင်နေရကြောင်း ထားဝယ်ဒေသရှိ ငွေလဲလုပ်ငန်းရှင်က ပြောသည်။

“အဲဒီလို တစ်ခါမှကို မတက်ဖူးဘူး။ ဈေးအတက်အကျမြန်တဲ့အတွက် ငွေကြေးဆုံးရှုံးမှုများတယ်။ အချိန်တိုင်းမှာရှုံးနေတာ။ ရောင်းပဲရောင်းရောင်း ဝယ်ပဲဝယ်ဝယ်”ဟု ၎င်းက ဆိုသည်။

ဥပမာအားဖြင့် ဘတ်၁ သိန်းကို ကျပ်သိန်း ၁၇၀ ဖြင့် ရောင်းထုတ်လိုက်ပြီး နာရီပိုင်းအကြာတွင်ပင် အဆိုပါကျပ်ငွေဖြင့် ဘတ်ပြန်ဝယ်ပါက ဘတ် တစ်သိန်းမရတော့သည့် အခြေအနေဖြစ်လာသည်။

ဘတ်စျေးမြင့်တက်မှုကြောင့် ထိုင်းပစ္စည်းများ စျေးတက်လာပြီး လူထုကလည်း စိုးရိမ်စိတ်ဖြင့် ပစ္စည်းများ အလုအယက် ဝယ်ယူလာကြသည်။

ထိုင်းဘတ်ဈေး အမြင့်ဆုံးဈေးသို့ရောက်သွားသည့် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်တွင် ထားဝယ်မြို့ရှိ ကုန်စုံဆိုင်များတွင် ဈေးဝယ်သူများဖြင့် ပြည့်နှက်နေပြီး အလုအယက်ဝယ်ယူနေကြကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။

ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ ဈေးကမောက်ကမဖြစ်လာပြီး စုပြုံဝယ်ယူကြသဖြင့် ဩဂုတ်လ ၁၃ ရက်နံနက်က ကုန်စုံဆိုင်အချို့ ပိတ်လိုက်ကြကြောင်း အွန်လိုင်းကတစ်ဆင့် စားသောက်ကုန်ဖြန့်ဖြူး ရောင်းချနေသူတစ်ဦးက ဆိုသည်။

“ဒီနေ့(သြဂုတ် ၁၃)က ထူးထူးခြားခြားတောင် ဈေးတက်လာတာ။ ဆိုင်တွေလည်း ပစ္စည်းမရှိတော့ဘူးဆိုပြီး ပိတ်လိုက်ကြတဲ့အထိ ဖြစ်သွားတယ်”ဟု အထက်ပါ စားသောက်ကုန်ဖြန့်ဖြူးရောင်းချသူက ပြောသည်။

ဩဂုတ်လအစောပိုင်းက ထိုင်းနိုင်ငံမှတင်သွင်းသည့် ၁လီတာပုလင်း ၁၂ လုံးပါသည့် ပဲလုံးဆီတစ်ဖာလျှင် ကျပ်တစ်သိန်းစွန်းစွန်းသာရှိရာမှ ယနေ့နံနက်တွင် တစ်သိန်းနှစ်သောင်းကျပ်အထိ ဈေးမြောက်သွားကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ထိုင်းမှတင်သွင်းလာသည့် ကုန်ပစ္စည်းအများစုလည်း ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စရိတ်ကြီး အမြတ်မရှိ

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေသဖြင့် ကုန်ပစ္စည်းဝယ်ရောင်းနေကြသည့် လက်လီလက်ကားသမားများလည်း အမြတ်မရှိဘဲ အရင်းထိလာကြသည်။

ကုန်ပစ္စည်းတစ်ခုကို ရောင်းချပြီးနောက် အဆိုပါကုန်ပစ္စည်းကိုပြန်ဝယ်ချိန်တွင် ရောင်းခဲ့သည့်ဈေးနှုန်းထက် ပိုများနေလေ့ရှိကြောင်း ထားဝယ်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ဥပမာအားဖြင့် ကျပ်ငါးသိန်းတန်ပစ္စည်းတစ်ခုကို ကျပ်ခုနစ်သောင်းအမြတ်တင် ရောင်းချပြီးနောက် အဆိုပါပစ္စည်းအားပြန်ဝယ်ချိန်တွင် ခြောက်သိန်းခွဲဈေးပေါက် နေခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်ပစ္စည်းတစ်ခုရောင်းချပြီး ပြန်ဝယ်သည့်အချိန်တိုင်း အရှုံးပြနေကြောင်း အဆိုပါ ကုန်စုံဆိုင်ပိုင်ရှင်က ညည်းတွားသည်။

“ဘယ်လိုလုပ်ပြီး ဝယ်ရောင်းတော့မလဲ။ ဘယ်လိုလုပ်ပြီး အလုပ်လုပ်စားတော့မလဲ။ မရောင်းဘဲနဲ့ ရပ်လိုက်ရင် ပိုက်ဆံ သိန်းတစ်ရာသည် တစ်ရာပဲရှိနေဦးမယ်”၎င်းက ပြောသည်။

ယင်းသို့ အထွေထွေကုန်စျေးနှုန်း နေ့စဉ်နှင့်အမျှ မြင့်တက်နေသော်လည်း ပြည်သူလူထု၏ နေ့စဉ်ဝင်ငွေမှာ တိုးမြင့်လာခြင်း မရှိသည့်အတွက် ပြည်သူများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုကျပ်တည်းလာနေသည်။

ကျပ်ငွေတန်ဖိုး စံချိန်တင်ထိုးကျနေချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ နေ့စားသမားတစ်ဦး၏ တစ်ရက်ဝင်ငွေအများဆုံးမှာ ပျမ်းမျှ ၁၂၀၀၀ ကျပ်သာရှိနေပြီး လက်ရှိငွေလဲနှုန်းအရ ဘတ် ၆၀ စွန်းစွန်းသာရရှိမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားအပါအဝင် ရွှေ့ပြောင်းလုပ်သားတစ်ဦး၏ အနိမ့်ဆုံးလုပ်အားခမှာ ဘတ် ၃၂၀ ကျော်ရရှိနေသည်။ စားစရိတ်အတွက် သုံးရသည့် ငွေကြေးမှာ ထိုင်းနိုင်ငံနှင့် မကွာလှသည့် အနေအထားဖြစ်နေရာ ပြည်တွင်းနေသူများမှာ ဝင်ငွေထက် ပိုမိုသည့် အသုံးစရိတ်ဖြင့် နေထိုင်နေကြရသည်။

ယင်းကြောင့် ပြည်တွင်းရှိ အခြေခံလူတန်းစားများမှာ စားရေးသောက်ရေးအတွက်ပင် ခက်ခဲလာကြသည်။

ကျပ်ကြောင့် ကျပ်လာသည့် စစ်အာဏာရှင်

ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းကာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားလာသည့် အခြေအနေကို စစ်ကောင်စီက မည်သို့ကိုင်တွယ်ရမှန်း မသိဖြစ်နေပြီး ၎င်းတို့လုပ်နေကျအတိုင်း သေနတ်ထောက်ပြီး ကျပ်ငွေတန်ဖိုး ပြန်တက်လာရေး လုပ်ဆောင်ခဲ့ကြသည်။

ကျပ်ငွေတန်ဖိုးကျပြီး စက်သုံးဆီ၊ ရွှေ၊ ဘတ်ငွေ နှင့် ဒေါ်လာငွေလဲနှုန်းများ အဆပေါင်းများစွာ မြင့်တက်လာချိန်တွင် စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်များကြောင့်ဆိုကာ ဖမ်းဆီးစစ်ဆေးခြင်း၊ လုပ်ငန်းလုပ်ခွင့် ပိတ်ခြင်းများဖြင့် ဓာတ်ကြမ်းတိုက်ခဲ့ကြသည်။

အဖမ်းအဆီးများနေချိန်တွင် ကျပ်ငွေတန်ဖိုးပြန်တက်လာသယောင် ဖြစ်သွားသော်လည်း ရက်ပိုင်းအတွင်းပင် ပြန်လည်၍ ဇောက်ထိုးကျဆင်းသွားပြန်သည်။

ကြံရာမရသည့်အဆုံးတွင် ဖြုတ်ထုတ်ရှင်း စနစ်ဖြင့် စစ်ခေါင်းဆောင်က ၎င်းကိုယ်တိုင်ခန့်အပ်ထားသူများကို ဖယ်ရှားကာ အပြစ်ပေးခဲ့ပြန်သည်။

ပြီးခဲ့သည့်နှစ်တွင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးကို နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုနှင့် ကိုယ်ကျိုးရှာမှုများကြောင့်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ နှင့် နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီ (FESC) တွင် ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်စဉ်အတွင်း ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရရန် ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှုအပါအဝင် ပုဒ်မများစွာတပ်ပြီး အရေးယူခဲ့သည်။

ယင်းနောက် နိုင်ငံခြားငွေရရှိစေရေးအတွက် လုပ်ငန်းရှင်များကို လည်ပင်းညှစ်ရန် လုပ်ဆောင်လာပြန်သည်။

လက်ရှိတွင်လည်း တိုင်းပြည်အတွက် နိုင်ငံခြားငွေအများဆုံးရှာဖွေပေးနေသည့် ပြောင်း၊ရော်ဘာအပါအဝင် ပို့ကုန်(Export) သမားများကို တင်းကျပ်သည့် မူဝါဒကို ချမှတ်ခဲ့ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ဈေးအတိုင်းလဲလှယ်ရပြီး ကျန်သည့် ၆၅ ရာခိုင်နှုန်း ကို အချိန်တစ်လအတွင်း ဘဏ်တွင် လဲလှယ်ရမည့် ကန့်သတ်ချက်မှာ ပို့ကုန်သမားများအတွက် လုပ်ကိုင်ရ ခက်ခဲလာကြောင်း ၎င်းက ရှင်းပြသည်။

စစ်ကောင်စီက သတ်မှတ်သည့်ငွေလဲနှုန်းနှင့် ဘဏ်တွင်လဲရသည့်ငွေလဲနှုန်းမှာ ကွာဟမှုကြီးမားသည့်အတွက် အရှုံးပင်ပြလာကြောင်း အဆိုပါစီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

လက်ရှိတွင် ပို့ကုန်ရငွေကို ၂၅ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းဟု ပြောင်းလဲသတ်မှတ်ထားသည်။

“ဒီလူ(စကစ)တွေ စီမံခန့်ခွဲမှု ညံ့ဖျင်းတာရော ယုတ်ညံ့တာတွေရော ပေါင်းလိုက်တော့ နောက်ဆုံးဒီလိုဖြစ်လာတာပဲ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လက်ရှိတွင် စစ်ကောင်စီထံ၌ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ မရှိတော့ခြင်း၊ ပို့ကုန်ကျဆင်းလာခြင်း စသည့် အကြောင်းအရင်းများကြောင့် ကျပ်ငွေတန်ဖိုးထိုးကျသွားခြင်းဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင်ကလည်း ထောက်ပြသည်။

“နောက်ပြီးတော့ လုပ်ငန်းရှင်တွေကို ခေါ်စစ်တာတွေ၊ စောင့်ကြည့်တာတွေ လုပ်လာတော့ (လုပ်ငန်းရှင်တွေက အလုပ်မလုပ်တော့ဘဲ) ရွှေနဲ့ ဒေါ်လာတွေဝယ်ပြီး ထိုင်နေကြတော့တယ်” ဟု ၎င်းက ပြောသည်။

အထက်ပါအကြောင်းအရင်းများကြောင့် ယခု(ဩဂုတ်)လကုန်ပိုင်းတွင် ကျပ်ငွေတန်ဖိုးစံချိန်တင် ကျဦးမည်ဟု ခန့်မှန်းထား သော်လည်း လက်ရှိတွင် မှန်းထားသည့်အချိန်ထက်စောပြီး ကျသွားခြင်းကြောင်း အထက်ပါစီးပွားရေးလုပ်ငန်းရှင် က ဆိုသည်။

သီအိုရီများအရ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးပြိုလဲသွားပါက ကျန်သည့်ဒေါက်တိုင်များပါ လဲပြိုသွားလေ့ ရှိသည့်အတွက် စစ်ကောင်စီ ပြိုလဲရန်အချိန်နီးလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံတွင် ငွေကြေးဈေးနှုန်း ကမောက်ကမဖြစ်နေခြင်း၊ ဘဏ်များအပေါ် ယုံကြည်မှု မရှိတော့ခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းရပ်ဆိုင်းလိုက်ခြင်း အစရှိသဖြင့် စီးပွားရေးပြိုလဲသည့် လမ်ကြောင်းပေါ်ရောက်နေသည်။

ကိုယ့်သေတွင်းကိုယ်တူးသည့် မူဝါဒအမှားများကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းမှာ စစ်ကောင်စီအကျပ် ရိုက်စေပြီး မကြာခင်ပြိုလဲတော့မည်ဖြစ်ကြောင်း အဆိုပါစီးပွားရေးလုပ်ငန်းရှင်က အခုလိုဆိုလိုက်သည်။

“အခုစီးပွားရေးပြိုလာတာဟာ ဘယ်သူကလည်း လုပ်လို့ပြိုတာမဟုတ်ဘူး ။ သူ့ဟာသူ(စကစ) လုပ်ပစ်လိုက်တာ”