BREAKING
December 26, 2024

ထားဝယ်တွင် စက်သုံးဆီဆိုင်ကြီးများ အရောင်းရပ်

August 14, 2024

ထားဝယ်မြို့တွင် စက်သုံးဆီ ပြတ်လပ်သွားသဖြင့် ဆိုင်ကြီးများအားလုံး အရောင်းရပ်ဆိုင်းသွားကြောင်း မြို့ခံအချို့က ပြောသည်။

တစ်နိုင်တပိုင် အရောင်းဆိုင်များတွင်မူ ဝယ်ယူရရှိနေဆဲဖြစ်သော်လည်း ယခင်ကထက် ထက်ဝက်ကျော် ဈေးထိုးတက် သွားကြောင်း မြို့ခံတို့ကဆိုသည်။

ယခင်က ထားဝယ်မြို့တွင် စက်သုံးဆီတစ်လီတာကို ၃၂၀၀ ကျပ်သာရှိရာမှ လက်ရှိတွင် တစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

“အခု မြို့ထဲက ပြန်လာတာ ဆိုင်ကြီးတွေမှာ ဘယ်ဆိုင်မှာမှ ထည့်မရဘူး။ လမ်းဘေးဆိုင်က ထည့်လာတာ တစ်လီတာက ၅၀၀၀ (ကျပ်) ပေးရတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ယနေ့ ညနေ ၄ နာရီတွင်‌ ပြောသည်။

နယ်ကျေးရွာတို့တွင်လည်း ယနေ့တွင် နေ့ချင်းညချင်း ဈေးမြင့်တက်သွားပြီး ကျေးရွာအချို့တွင် တစ်လီတာ ကျပ် ၆၀၀၀ ဖြင့်ပင် ဝယ်ယူ၍ မရတော့ကြောင်း ပြောဆိုကြသည်။

“ဆီပြတ်တယ် သတင်းကြားတာနဲ့ အတင်းဝယ်ကြတော့ အခု ခြောက်‌ထောင်ပေးဝယ်လည်းမရ၊ တစ်သောင်းပေးမယ် ဆိုရင်တောင် ရောင်းဖို့မရှိတော့ဘူးဆိုပြီး ပြောလိုက်တယ်” ဟု လောင်းလုံးမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။

ကော့သောင်းမြို့၊ မြိတ်မြို့တို့တွင်လည်း စက်သုံးဆီ လုံးဝပြတ်တောက်ခြင်းမျိုး မရှိသော်လည်း ဝယ်ယူရခက်ခဲကြီး ဈေးကြီးပေး ဝယ်နေရကြောင်းဒေသခံတို့က ပြောသည်။

“ကော့သောင်းမှာလည်း တစ်လီတာ ၅၀၀၀ နဲ့ ဝယ်နေရတာပဲ” ဟု ရွှေပြည်သာရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

စက်သုံးဆီပြတ်လပ်ရသည့် အကြောင်းအရင်းနှင့်ပတ်သတ်ပြီး မေးမြန်းရန် ထားဝယ်မြို့အရှိ စက်သုံးဆီဆိုင်အချို့ကို ဖုန်းဆက်ခဲ့ သော်လည်း လက်ခံဖြေကြားသူ မရှိသေးပေ။

ယင်းအပြင် တနင်္သာရီတိုင်း စက်သုံးဆီကြီးကြပ်စစ်ဆေးရေးအရာရှိထံ ယခင်ဆက်သွယ်နေကျဖုန်းအား ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသဖြင့် မေးမြန်း၍ မရသေးပေ။

ပြည်တွင်းသတင်းဌာနအချို့၏ ဖော်ပြချက်အရမူ ရန်ကုန်လို မြို့ကြီးများတွင်ပင် စက်သုံးဆီပြတ်လပ်နေပြီး ယခုတစ်ကြိမ်ပြတ်လပ်မှုမှာ အဆိုးရွားဆုံးဖြစ်ကြောင်း ဖော်ပြနေကြသည်။

စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများ ရန်ကုန်မြစ်ဝတွင် ဆိုက်ရောက်နေသော်လည်း ငွေပေးချေရန် ဒေါ်လာ မရှိခြင်း ကြောင့် ကုန်းပေါ်သို့ စက်သုံး‌ဆီတင်မရဘဲဖြစ်နေကြောင်း ‌ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ကို ကိုးကားပြီး ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

တနင်္သာရီတိုင်းသို့ ရန်ကုန်အပြင်၊ ထိုင်းနိုင်ငံကလည်း စက်သုံးဆီများ တင်သွင်းလေ့ရှိသည်။