BREAKING
December 26, 2024

မောင်မယ်ရှောင်ရွာတွင် အမျိုးသမီးငယ်တစ်ဦး မိုင်း‌နင်းမိပြီး ခြေထောက်ဒဏ်ရာရ

August 14, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က မောင်မယ်ရှောင်ဒေသခံများအား ဩဂုတ်လ ၁၃ရက်မှစပြီး သုံးရက်အတွင်း အဝတ်အစား အသုံးအဆောင်များကို ယူဆောင်ခွင့်ပြုထားသည့်အတွက် သွားယူရာမှ အပြန်တွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ယူပြီး ပြန်ထွက်လာမှ နင်းမိတယ်။ အခုဖြစ်တာက သူတို့အိမ်နားတစ်ဝိုက်ပဲ” ဟု ဒေသခံအမျိုးးသမီးတစ်ဦးက ပြောသည်။

မိုင်းနင်းမိသည့် အမျိုးသမီးငယ်ကို အရေးပေါ်ကားဖြင့် ထားဝယ်မြို့ဘက်သို့ ဆေးကုသရန် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ခြေထောက်က ဖြတ်ရဖို့ရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါအမျိုးသမီးငယ်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မိုင်းနင်းမိသည့် အမျိုးသမီးငယ်နှင့် မိသားစုတို့မှာ ဥယျာဉ်ခြံထဲတွင် စစ်ဘေးရှောင်ကာ နေထိုင်ကြသူများဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မောင်မယ်ရှောင်ရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားသည်။

စစ်ကောင်စီတပ်က ယခုနှစ် ဧပြီလမှ စပြီး မောင်မယ်ရှောင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံရွာသားများမှာ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရသည်။