BREAKING
December 26, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ

August 14, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူအချို့ထံက သိရသည်။

ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့က နေ့လယ် ၁၁ နာရီခန့်တွင် ဗုံးသီး သုံးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းတို့က ပြောသည်။

“ဒီမနက်ပိုင်းက ၅၆၁ တပ်ရင်းဖက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်၊ ဒါကြောင့်(စစ်တပ်က)လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ထိခိုက်မှုတော့မရှိဘူး” ဟု တိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ဆိုသည်။

သကျက်ရွာ၊ ၆ မိုင်ရွာ၊ ကျွဲထိန်းကုန်း၊ မုတ်ဆိတ်ကွင်း၊ ကျောက်မိကျောင်းရွာများကို စစ်တပ်က K8W ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးသီးအလုံးရေ ၁၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူပေါင်းစစ်ကြောင်း(၂)၏ ပြန်ကြားရေး တာဝန်ခံ ရဲဘော်မျိုးကြီးကလည်း ဆိုသည်။

“တော်လှန်ရေးရဲဘော်တွေရှိနိုင်မယ်ထင်လို့ကြဲတာပါ၊ အထိအခိုက်တော့မရှိဘူး၊ ကျောက်မိကျောင်းရွာက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပျက်စီးသွားတယ်” ဟု ရဲဘော်မျိုးကြီးက ဆိုသည်။

၆ မိုင်ရွာကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးသီး နှစ်လုံးကြဲချရာတွင် တစ်လုံးသာပေါက်ကွဲပြီး ကျန်တစ်လုံးမှာ မပေါက်ကွဲသေးကြောင်း ၎င်းက ပြောသည်။

ဩဂုတ်လထဲတွင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ဘန်လောကျေးရွာအုပ်စုများတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တပ်ရင်း၊ တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်စခန်းများနှင့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများရှိသလို စစ်ကောင်စီတပ်ကလည်း PDF များရှိနိုင်သည့်ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ တန်ပြန်လုပ်ဆောင်နေသည်။