BREAKING
October 18, 2024

တရားမဝင် ဝင်လာသော မြန်မာ ၁၅ ဦး ထိုင်းမြောက်ပိုင်းတွင် ဖမ်းဆီးခံရ

August 14, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်စဝမ်ခရိုင်တွင် ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၅ ဦးကို ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နော်ဘွာဒေသရှိ အမြန်လမ်းတွင် အရှိန်ဖြင့် မောင်းနှင်လာသော ပစ်ကပ်ကားကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဟု သတင်းများကဆိုသည်။

ပစ်ကပ်ကား၏ မှန်များကို ဖလင်အမဲပြားများဖြင့် ကာထားပြီး ကားအနောက်ကိုလည်း အမိုးဖြင့် ဖုံးထားကြောင်း၊ မြန်မာနိုင်ငံသား ၁၅ ဦးမှာ ကားအတွင်းနှင့် ကားအနောက်တွင် ပြည့်ကျပ်စွာ လိုက်ပါလာကြသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ပြည်ဝင်ခွင့်အထောက်အထားများ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် နော်ဘွာရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံသားများကို ချင်းမိုင်ခရိုင်မှတစ်ဆင့် စင်းဘူရီခရိုင်သို့ တစ်ဦးလျှင် ဘတ် ၁၅၀၀ ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကားသမားက ဝန်ခံထားသည်။

ကားသမားသည် ငွေကြေးလိုအပ်မှုရှိနေသဖြင့် ယခင်ကလည်း ၆ ကြိမ်ခန့်အထိ ပို့ဆောင်ပေးခဲ့ဖူးကြောင်း ဝန်ခံထားသည်။

မြန်မာနိုင်ငံသားများကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး ပွဲစားများကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ စီပေးချေထားပြီးဖြစ်ကြောင်း ဝန်ခံထားသည်။

မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်အရေးယူထားပြီး ထိုင်းနိုင်ငံသားများကိုလည်း တရားမဝင် နိုင်ငံခြားသားများကို ကူညီမှုများဖြင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Bangkok Post, Thai PBS North