BREAKING
September 16, 2024

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို ရာထူးက ရပ်နား

August 14, 2024

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်တာဝန် ရယူခဲ့သော စေထာ ထဝီဆင်သည် ၁၁ လသာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်​ခဲ့ရသည်။

လက်ရှိဝန်ကြီးချုပ်နေရာက ရပ်နားခံလိုက်ရပြီးနောက် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံ မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ဝန်ကြီးချုပ်အသစ်အပါအဝင် အစိုးရအသစ်အဖွဲ့ဝင်များ နောက်ထပ် သစ္စာမဆိုခင်ကာလတွင် ယာယီအစိုးရအဖွဲ့က အစားထိုးတာဝန်ယူထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီခေါင်းဆောင် သက်ဆင်သမီး Paetongtarn Shinawatra နှင့် Chaikasem Nitisiri နှင့် ဆေးခြောက်ပါတီဟု နာမည်ကြီးသော Bhumjaithai ပါတီခေါင်းဆောင် Anutin Charnvirakul များက ရေပန်းစားနေသည်။

ကျင့်ဝတ်ချိုးဖောက်သည်ဟုဆိုကာ ထိုင်းဝန်ကြီးချုပ်ရာထူးနှင့်ပတ်သက်၍ လက်ရှိဝန်ကြီးချုပ် စေထာထဝီဆင်ကို စစ်ဆေးအရေးယူပေးရန် ထိုင်းအထက်လွှတ်တော်အမတ် ၄၀ က တိုင်ကြားထားသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြီးခဲ့သောမေလက သဘောတူလက်ခံခဲ့ပြီး ကြားနာစစ်ဆေးနေခဲ့ခြင်းဖြစ်သည်။

စစ်ဆေးနေသည့်ကာလအတွင်း ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ခွင့်ပြုထားပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးက ရပ်နားရန် ခုံရုံး အမိန့်ချလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် စေထာထဝီဆင်က ပြစ်မှုဟောင်းရှိဖူးသော ရှေ့နေ ဖိချစ် ချိမ့်ဘန်ကို လစ်လပ်နေသော ဝန်ကြီးချုပ်ရုံး ဝန်ကြီးနေရာတွင် ခန့်အပ်ခြင်းမှတစ်ဆင့် ပြဿနာများ စတင်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်သည် အရည်အချင်းမပြည့်မီသူကို ဝန်ကြီးနေရာခန့်အပ်သည့်အတွက် ကျင့်ဝတ်ချိုးဖောက်သဖြင့် အရေးယူစစ်ဆေးပေးရန် အထက်လွှတ်တော်အမတ်များက အခြေခံဥပဒေခုံရုံးထံ တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။

ယင်းပြဿနာကြောင့် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်းဖြစ်သူ ဖိချစ်က ပြီးခဲ့သောမေလ ၂၁ ရက်နေ့တွင်ပင် ဝန်ကြီးအဖြစ်က နှုတ်ထွက်ခဲ့သည်။

Ref: Thai Enquirer, Khoasod English

No related posts found.