BREAKING
December 26, 2024

ရေဖြူ ကျောက်ကညာရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး လူနေအိမ်များ ကျည်ထိမှန်

August 14, 2024

ရေဖြူမြို့နယ် ကျောက်ကညာရွာတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်ကညာရွာ တောင်ပိုင်းရှိ လူနေအိမ်များတွင် နေထိုင်နေသည့် စစ်ကောင်စီတပ်အား PDF အဖွဲ့ တစ်ဖွဲ့က လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“သူတို့(စစ်သား) တွေ ရွာတောင်ပိုင်းက အိမ်တွေမှာလာနေတာ နှစ်ရက်သုံးရက်ရှိပြီ။ (PDF) သူတို့ကို လာပစ်တာက ဆယ့်ငါးမိနစ်လောက်၊ ခဏပဲ။သူတို့ပြန်သွားပြီး (စစ်ကောင်စီ) အမြောက်တပ်က ထုတာက ၂ နာရီလောက်ရှိတယ်။ တစ်ရွာလုံးအကုန် ဝပ်နေရတယ်” ဟု ၎င်းက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း လူနေအိမ်အချို့ သေနတ် ကျည်ဆံထိမှန်ခဲ့ကြကြောင်း ဒေသခံများက ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ရေဖြူမြို့အနီး ခမရ ၄၀၇ နှင့် ကျောက်ကညာရွာ အခြေစိုက် အမတ ၃၀၄ တို့မှ စစ်ကောင်စီတပ်သားများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် PDF များ ဝင်လာသည့် လမ်းကြောင်းဟုဆိုကာ စစ်ကောင်စီတပ်မှ ကျောက်ကညာရွာ ကားလမ်းမ၏ အရှေ့ဘက်ရှိ ကွက်သစ်ကုန်း (နေရာ) ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံကပြောသည်။

ထို့ကြောင့် ကွက်သစ်ကုန်းဘက်တွင် နေထိုင်သူများ စိုးရိမ်ကြောက်လန့်နေကြရပြီး အိမ်ထောင်စု ၃၀ ခန့်ရှိသည့်အနက် အိမ်ထောင်စုအချို့မှာ နီးစပ်ရာပြောင်းရွှေ့ နေထိုင်ခဲ့ကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။