BREAKING
September 16, 2024

မွန်တွင် စက်သုံးဆီပြတ်လပ်၊ ဆီရရန် ကား ဆိုင်ကယ် ရာနှင့်ချီတန်းစီစောင့်ရ

August 14, 2024

ပုံစာ - ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ပေါ်က ဆီဆိုင်တစ်ဆိုင်တွင် ဆီရရှိရန် တန်းစီစောင့်ဆိုင်းနေကြသူများ။

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်နေပြီး ဆီရရှိရန် ကား၊ ဆိုင်ကယ်ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဆီတန်းစီစောင့်ဆိုင်းနေသူတို့က ပြောသည်။

ဩဂုတ်လ ၁၃ ရက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်အများစုက ပိတ်ထားပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်တွင်လည်း အရောင်းဆိုင်အချို့သာ ဆီရောင်းချပေးနေသည့်အတွက် ကားတန်း၊ ဆိုင်ကယ်တန်း ရာနှင့်ချီ တန်းစီနေကြရကြောင်း ၎င်းတို့က ဆိုသည်။

“ရောင်းပေးနေတဲ့ဆိုင်တွေမှာဆိုရင် ကားတွေတန်းစီနေတာ မျက်စိတဆုံးပါပဲ။ တချို့ဆို မိုးမလင်းခင်ကတည်းက ဆီဆိုင်ရှေ့မှာ တန်းစီနေကြတယ်။ မနက် ၆ နာရီလောက် တန်းစီတဲ့လူတွေက ၉ နာရီ ၁၀ နာရီထိုးလည်း မရသေးဘူးဆိုတော့ စဉ်းစားကြည့်ပေါ့” ဟု သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချကြသည်။ ယခုကာလတွင် စက်သုံးဆီ မဝင်တော့သဖြင့် ဆီပြတ်လပ်ခြင်းဖြစ်ပြီး ဆီလက်ကျန်ရှိသည့် ဆိုင်အချို့ကသာ ရောင်းချနေကြောင်း စက်သုံးဆီဆိုင်အချို့တို့ထံမှ သိရသည်။

လက်ရှိတွင် နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းဝယ်ယူရသော်လည်း ဆီကိုလည်း အကန့်အသတ်ဖြင့် ဝယ်၍ရကြောင်း ဆီတန်းစီဝယ်သူတို့ထံမှ သိရသည်။

“အကန့်အသတ်နဲ့ပဲ ရောင်းပေးတယ်။ ကားဆို ၂၀၀၀၀၊ ဆိုင်ကယ်ဆို ၃၀၀၀၊ သုံးဘီးဆို ၇၀၀၀ အဲဒီလို ရောင်းပေးနေတယ်။ လိုသလောက်တော့ မရဘူး” ဟု အထက်ပါ သုံးဘီးဆိုင်ကယ်မောင်းသူက ပြောဆိုသည်။

စက်သုံးဆီဆိုင်တို့တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၃၀၀၀ နှင့် ၄၀၀၀ ကြား စျေးရှိနေပြီး ပြင်ပ‌စျေးကွက် တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၅၀၀၀ ကနေ ၈၀၀၀ အထိ ရောင်းနေကြကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

“အပြင်မှာ ရေသန့်ဗူးနဲ့ တစ်ဗူး (တစ်လီတာ) ၆၀၀၀ နဲ့ ဝယ်နေရတယ်။ တချို့ဆို ၈၀၀၀ လောက်ထိ ပေးဝယ်နေရတယ်။ အပြင်မှာက စျေးအမျိုးမျိုးနဲ့ရောင်းနေကြတာ။ ဆိုင်မှာကလည်း တန်းစီရတယ်။ ကိုယ့်အလှည့်လည်း ရောက်ရော ဆီက ကုန်သွားတယ်။ အဲဒီလိုမျိုးဆို အပြင်မှာပဲ ဝယ်ရတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

စက်သုံးဆီပြတ်လပ်မှုမှာ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ကြုံတွေ့နေရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းခွင့်ကန့်သတ်မှုကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်သည့်ပြဿနာ မကြာခဏရင်ဆိုင်ကြုံတွေ့နေရပြီး ပြီးခဲ့နှစ်ကုန်ပိုင်းကလည်း စက်သုံးဆီပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့ခဲ့ရသေးသည်။