BREAKING
January 15, 2025

သရက်ချောင်း ပန်းပြင်ရွာ မြိတ်-ထားဝယ်ကားလမ်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

August 14, 2024

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ ပန်းပြင်ရွာစာသင်ကျောင်းအနီးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၈နာရီခန့်တွင် သရက်ချောင်းမြို့မှ ထားဝယ်ဘက်သို့ မြိတ်-ထားဝယ်ကားလမ်းအတိုင်း ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်လိုက်သေးတယ်။ စကစဘက်က ထိခိုက်မှုကိုတော့မသိဘူး။ သရက်ချောင်းဘက်က ကားတစ်စီး တက်လာပြီးတော့ တချို့ကို လာကြိုသွားတာရှိတယ်။ နောက်ပြီး သရက်ချောင်းဘက်ကို ပြန်ထွက်သွားတယ်။ ခြေလျင်စစ်ကြောင်းကတော့ သရက်နှစ်ခွဘက်ကို ဆက်ထွက်သွားတယ်လို့ကြားတယ်” ဟု ပန်းပြင်ရွာနှင့် ကပ်လျက် ရှိသည့် ပိန်းတောရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာ ရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ရွာထဲမှာလည်း ငြိမ်နေတယ်။ ဒေသခံတွေ ဖမ်းဆီးခံရတာ၊ ဒဏ်ရာရတယ်ဆိုတာ ပြောသံမကြားရဘူး” ဟု ပန်းပြင်ရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုမိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာသည် ပန်းပြင်ရွာ စာသင်ကျောင်းအနီးက တံတားတွင်ဖြစ်ပြီး ရွာချင်းဆက်နေသည့် ပိန်းတောရွာနှင့် ပန်းပြင်ရွာကြားတွင်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် သရက်ချောင်းမြို့နယ် ဥတ္တူရွာဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု သိရကြောင်း သရက်နှစ်ခွကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။