ဗျို့..အယ်ဒီတာ
ကျွန်တော် မူးဆေးအိုးပါဗျ..။
ကျွန်တော့ကိုတော့ မမေ့လောက်ပါဘူးနော်..။
အယ်ဒီတာတို့ မီဒီယာတိုက်ကို အရပ်သားအစိုးရက တရားစွဲတဲ့အထိ မွှေခဲ့တဲ့ ကောင်ဆိုးလေး မူးဆေးအိုးလေ။
အော်..ဟုတ်ဗျ။ မတွေ့ကြတာလည်း ကြာပြီဆိုတော့ ကျွန်တော့ကိုယ်ကျွန်တော် ပြန်မိတ်ဆက်ပါမယ်။ ကျွန်တော် သရော်စာဆောင်းပါးတွေ စရေးတာ အရပ်သားအစိုးရခေတ်လို့ ပြောလို့ ရတဲ့ ၂၀၁၅ ခုနှစ်က စပေါ့ဗျာ။ တနင်္သာရီတိုင်းမှာ ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ်တာဝန်ယူစဉ်တုန်းကဗျာ။ ရေးခဲ့တဲ့ သရော်စာတွေထဲကမှ တိုင်းဝန်ကြီးချုပ် အမျက်တော်ရှ၊ တနင်္သာရီဂျာနယ် တရားစွဲခံရတဲ့ “မဲဆွယ်အပြုံး” သရော်စာ ရေးခဲ့တဲ့ မူးဆေးအိုးလေဗျာ..။
တရားစွဲတာက ၂၀၁၈ ခုနှစ်လေ။ ခင်ဗျားတို့လည်း ပျော်ပျော်ကြီး အမှုရင်ဆိုင်ခဲ့ကြတယ်လေ။
အဲတုန်းက ခင်ဗျားတို့က အမှုရှုံးပြီး အမြတ်ရခဲ့တယ်လေ။ မြို့နယ်တရားရုံးက ချမှတ်တာက ဒဏ်ငွေ ၅ သိန်း။ ဂျာနယ်အမည်ကို ကြေညာခမပေးရဘဲ ပြည်တွင်းပြည်ပသတင်းစာကြီးတွေမှာ ဖော်ပြခံရတာက များများ။
တရားစွဲသူကြီးကိုတောင် ကျေးဇူးကြီးလို့ ထိုင်ကန်တော့သင့်တယ်ဟုတ်။ ခုတော့ ခင်ဗျားတို့အမှု ခင်ဗျားတို့ဂျာနယ်ဘက်က အယူခံဝင်ထားတာ ဘယ်အဆင့်ရောက်သွားပလဲဗျ။ နိုင်ငံတော်ဗဟိုတရားရုံးအဆင့်လွန်သွားပြီလားဗျာ။
မရပ်လိုက်နဲ့ဗျ။ နိုင်ငံတကာတရားရုံးထိတက်။ မရသေးရင် စကြာဝဠာတရားရုံးထိတက်။ လမ်းစရိတ်မှ မလိုတာလေ။ ဒီဘက်ခေတ်မှာ အွန်လိုင်းကနေ အမိန့်ချလို့ရတာပဲကို။
တချို့ဆို အွန်လိုင်းကနေတောင် “ချ..၊ တိုက်..၊ ပစ်..” ဆိုပြီး စစ်တိုက်နေကြသေးတာပဲ။
ကြားထဲမှာ အယ်ဒီတာတို့အမှုနဲ့ ဘာမဆိုင် ညာမဆိုင်ပဲ ဆိုရမလား (နည်းနည်းတော့ ဆိုင်ခဲ့လားမသိ)။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုရမလား။ အယ်ဒီတာမင်းတို့ကို တရားစွဲဖို့ ဗျာဒိန်ပေးသူကြီးခမျာ အဂတိအမှုနဲ့ထောင်ကျသွားတော့ ခင်ဗျားတို့ စိတ်မကောင်းလက်မကောင်းနဲ့ သတင်းတွေ တင်ဆက်ခဲ့ကြသေးသကိုးဗျ။
မှတ်မိပြီဟုတ်။
၂၀၂၁ နောက်ပိုင်းတော့ ကျွန်တော် မူးဆေးအိုး သရော်စာ မရေးဖြစ်တော့ဘူးရယ်။
မရေးဖြစ်ဆို တစ်ချို့ ငနဲသားတွေ လုပ်ပုံကြောင့် သရော်ချင်စိတ်တောင် ပျောက်သွားတာ
အယ်ဒီတာရေ. . . ။
သရော်တယ်ဆိုတာကလည်း သရော်ခံထိုက်သူကိုမှ သရော်သင့်တာမျိုးကိုးဗျ။
အယ်ဒီတာရေ . . . ။
မူးဆေးအိုးအတွက်တော့ ၂၀၂၁ နောက်ပိုင်းမှာ သရော်ခံထိုက်သူတွေ ရှားလှတယ်ဗျ။
သရော်ဖို့မှ မထိုက်တန်ကြတာလေ။ မထိုက်တန်သူတွေကို သရော်ဖို့ကလည်း ကလောင် သနတယ်ဗျ။
နောက်ပြီး သရော်စာဆိုသမျိုးကလည်း ရယ်စရာလေ။ အခုအချိန်မှာ ရယ်စရာ၊ မောစရာ၊ ငေါ့စရာတွေ လုပ်ရလည်း ခပ်ခက်ခက်ရယ်။ ရယ်စရာ ဆိုပေမင့် အဲဒီထက် သဘောပိုပါတာကိုးဗျ။ လူထုအာရုံစိုက်လာဖို့၊ သက်ဆိုင်သူတွေ ကိစ္စ တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်ပြီး အပြောင်းအလဲတွေ လုပ်ဖို့ မဟုတ်လား။
အခုတော့ သရော်ရမယ့်သူတွေ၊ သရော်ခံထိုက်သူတွေ၊ သရော်ခံသင့်တဲ့ အရေးအရာတွေ ရှာနေဖွေနေပါပြီဗျာ။
ဘာကြောင့်ဆို အချို့တွေက မပြောဘဲထားရင် မသရော်ဘဲထားရင် ဟုတ်လှပြီထင်ကြတာကိုး။
အချို့လူတွေ အချို့အဖွဲ့က ကြွေးကြော်ထားတာက တစ်မျိုး၊ လုပ်ပုံ/ကျင့်ကြံအားထုတ်ပုံက တစ်မျိုးလေ။
ဒါက ကိုယ့်မိသားစုနဲ့၊ ကိုယ့်အဖွဲ့နဲ့ပဲ သက်ဆိုင်တဲ့ ပုဂ္ဂလကိစ္စဆိုရင်တော့ ပြောစရာ မရှိပေါင်ဗျာ။
အခုက ဝန်းကျင်တစ်ခုလုံး၊ လူထုတစ်ရပ်လုံးနဲ့သက်ဆိုင်နေတဲ့ အများဆိုင်ကိစ္စမျိုးဆို ပြောဆိုဖို့၊ ရေးသားဝေဖန်ဖို့၊ သရော်ဖို့ကျတော့ စာနယ်ဇင်းဆရာတွေဖြစ်တဲ့ အယ်ဒီတာတို့၊ ကျွန်တော်တို့မှာ တာဝန်ရှိလာသကိုးဗျ။
အဲ . . . ဆိုတော့
ပထမဆုံး သရော်ရမယ့်သူကတော့ သရော်စာရေးတဲ့ မူးဆေးအိုးကိုပါပဲ။
ဟုတ်ဗျား။ ကိုယ့်ကိုယ်ကို အရင် သရော်ရတော့မှာပဲ အယ်ဒီတာရေ..။
ဘာကြောင့်ဆို သရော်စာမရေးဘဲ သရော်စာဆရာ ခံယူထားလို့ပါပဲဗျား။
မူးဆေးအိုးတို့များ အရပ်သားအစိုးရခေတ်က သရော်လိုက်တာ ဟိုက စိတ်ဆိုးပြီး တရားစွဲတဲ့အထိပါပဲ။
အခုတော့ သရော်စာ ရေးတာ မတွေ့တော့ပါလားကွာ။
ဘာလဲ။ ကြောက်နေလို့ မဟုတ်လား။
အရပ်သားအစိုးရမှာက တေနတ်ကြီး တေနတ်ငယ်မှ မရှိတာ၊ ရေးရဲမှာပေါ့လေ။
အခုတော့ သူရို့မှာ ဗြောက်တွေနဲ့ဗျ။ တေနတ်ကြီး တေနတ်ငယ်တွေနဲ့ အုပ်စိုးနေကြတာ ဆိုတော့ သရော်စရာတွေ ရှိနေရဲ့နဲ့၊ သရော်သင့်တာတွေ အများကြီး ကြုံတွေ့ သိမြင်နေရဲ့နဲ့ မရေးရဲတော့ဘူးဟုတ်။
“မဟုရပါဘူးဗျာ” လို့တော့ ဖြောက်ကွယ် မကွယ်နဲ့။
အယ်ဒီတာရေ..
မူးဆေးအိုးကို မူးဆေးအိုးက အကြံပြုလိုက်ပါတယ်။
သရော်စာ မရေးရဲရင် သရော်စာဆရာ အဖြစ်က နုတ်ထွက်ကြောင်း ကြေညာချက်ထုတ်လိုက်တော့။
အခုခေတ်က ကြေညာချက် ခေတ်ကြီး မဟုတ်လားဗျ။
နို့မဟုတ်ဘဲ သရော်စာ မရေးရဲဘဲ သရော်စာဆရာခံယူထားရင်တော့
“ဟောင့် မူးဆေးအိုး..၊ မင်းကိုယ့်ကို လိမ်နေတာလား၊ မင်းကိုမင်း လိမ်နေတာလား ပြော..” လို့ မူးဆေးအိုးက သရော်ရတော့မှာပဲ အယ်ဒီတာရေ။
ကဲအခုတော့ တော်သေးပြီ။ နောက်ဆက်ပြောကြတာပေါ့ဗျာ။
မူးဆေးအိုး