BREAKING
October 18, 2024

ဖူးခက်တွင် ထိုင်းအမျိုးသမီး၏ ရင်သားကို ကိုင်ခဲ့သော မြန်မာတစ်ဦး ဖမ်းဆီးခံရ

July 14, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဆိုင်ကယ်နောက်က ထိုင်လိုက်လာသော ထိုင်းအမျိုးသမီးတစ်ဦး၏ ရင်သားကို ထိကိုင်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦး ဇူလိုင်လ ၁၂ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူသည် အသက် ၂၃ နှစ်အရွယ် အောင်ကိုဖြိုးဆိုသူ ဖြစ်သည်။

ဖူးခက်မြို့ရှိ Super Cheap ဈေးဝယ်စတိုးအနီးတွင် ပြီးခဲ့သော ဇူလိုင်လ ၉ ရက် ည ၉ နာရီခွဲခန့်က ထိုင်းအမျိုးသမီးသည် သူငယ်ချင်းမောင်းလာသော ဆိုင်ကယ်နောက်က ထိုင်လိုက်လာစဉ် ယင်းဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက ရင်သားကို ထိကိုင်ခဲ့ကြောင်း ဆိုသည်။

ထို့နောက် သူငယ်ချင်းဖြစ်သူကို ဆိုင်ကယ် နှေးနှေးမောင်းရန်ပြောပြီး ကျူးလွန်သူကို ဖြေရှင်းပေးရန် အော်ဟစ်ခဲ့ရာ မြန်မာအမျိုးသားက ဆိုင်ကယ်ကို ပြန်လှည့်လာပြီး ရန်ပြုရန် ပြုလုပ်ခဲ့သေးကြောင်း သတင်းများတွင် ဖော်ပြသည်။

အန္တရာယ်ပြုလုပ်ခံရမည်စိုးသဖြင့် သူငယ်ချင်းနှစ်ဦးသည် လူအများရှိနေသော ၂၄ နာရီဖွင့်ထားသည့် အဝတ်လျှော်ဆိုင်သို့ ဆိုင်ကယ်မောင်းဝင်ရောက်ခဲ့ရပြီး နောက်တွင် မြန်မာအမျိုးသားက ထပ်မလိုက်လာခဲ့တော့ကြောင်း ဆိုသည်။

ထို့နောက် ထိုင်းအမျိုးသမီးသည် အိမ်သို့ အလျင်အမြန်ပြန်ခဲ့ပြီး နောက်တစ်ရက်တွင် ရဲစခန်းသို့ သွား၍ တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသဖြင့် ဒေါသထွက်ခဲ့ကြပြီး အမျိုးသမီးများ နောက်ထပ်ကျူးလွန်ခံရမည်စိုးသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်အမျိုးသမီးက ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းအမျိုးသမီးတိုင်ကြားခဲ့ပြီးနောက် ဇူလိုင်လ ၁၂ ရက်တွင် မြန်မာအမျိုးသားကို ကျူးလွန်သည့်နေ့က စီးလာသော ဆိုင်ကယ်၊ အဝတ်အစားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ချလောင်ရဲစခန်းသို့ အမှုဖွင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: The Thaiger, Phuket News