BREAKING
October 18, 2024

KNLA ခေါင်းဆောင်များလိုက်ပါလာသည့်ကားကို ကော်သူးလေတပ်ဖွဲ့ပစ်ခတ်

July 14, 2024

ပုံစာ - KTLA က ဗိုလ်အယ်ကွီးလ်ဦးဆောင့်သည့် အဖွဲ့ (ပုံဟောင်း)

KNU (ကရင်အမျိုးသား အစည်းအရုံး) တပ်မဟာ ၄ နှင့် KNLA(ကရင်အမျိုးသား လွတ်မြောက်ရေးတပ်) ခေါင်းဆောင်များ လိုက်ပါလာသည့်ကားကို ကော်သူးလေတပ်(KTLA) က ဇူလိုင်လ ၁၃ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကော်သူးလေတပ်က ထားဝယ်-ထီးခီး လမ်းပိုင်း ရင်ကွဲတောင်တွင် စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး KNU တပ်မဟာ ၄ နှင့် KTLA နှစ်ဖက်တပ်ဖွဲ့ဘက်က ၆ ဦးဒဏ်ရာရသွားကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။

ဇူလိုင်လ ၁၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ထီးခီးဘက်ကိုပြန်လာသည့် KNU တပ်မဟာ ၄ နှင့် KNLA တပ်ရင်း ၇၊ တပ်ရင်း ၁၀၊ တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို ဗိုလ်အယ်ကွီးလ်ဦးဆောင်သည့် KTLA တပ်ဖွဲ့က လမ်းတွင် စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းကားပေါ်တွင် KNU တပ်မဟာ ၄ မှ ဗိုလ်မှူးစောဒါးနေနှင့် KNLA တပ်ရင်း ၁၀ တပ်ရင်းမှူး ဗိုလ်မှူးစောဘွာတို့ လိုက်ပါလာပြီး ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရခဲ့ကြောင်း၊ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ပဒိုစောအယ်နားက ဆိုသည်။

“KTLA ကအဖွဲ့တွေ သုံးလေးငါးဖွဲ့ရှိတယ်၊ ကော်လဖိုးတို့အဖွဲ့က KNU နဲ့အဆင်မပြေဘူး၊ သူတို့က ဘယ်သူ့လက်အောက်ခံမှမနေချင်ဘူး။ သူတို့ဘာသူ လက်နက်ကိုင်ပြီး နယ်မြေစိုးမိုးချင်တယ်၊ ကျွန်တော် တို့ကို အမြဲတမ်းနှောင့်ယှက်တယ်၊ ခြုံခိုတိုက်ခိုက်တယ်၊ ကျွန်တော်တို့အတွက် အနှောင့်အယှက်တအားဖြစ်တယ်။ စကစအတွက်လည်း သူတို့ကအထောက်အကူဖြစ်နေတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။

KNLA တပ်ဖွဲ့ကားကို KTLA တပ်ဖွဲ့က ပစ်ခတ်သည်ဆိုသည့် သတင်းကြားသိရသော်လည်း အသေးစိတ်အခြေအနေကို မသိကြောင်း ကော်သူးလေတပ်မတော်-KTLA ဆာကပေါတပ်၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောသည်။

KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်- KTLA တို့မှာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် နှစ်ဖက်ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး မကြာခဏ ပစ်ခတ်မှုများဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၀ ရက်ကလည်း KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း(၁၀) တပ်ရင်းမှူး ဗိုလ်မှူးစောဖိုးစီ(ခ)ဗိုလ်ဖိုးချစ်တို့ လိုက်ပါလာသည့်ကားကို ထားဝယ်အရှေ့တောဒေသ ဖောင်းတောရွာအနီးတွင် ဗိုလ်အယ်ကွီးလ်ဦးဆောင်သည့် KTLA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် KNLA တပ်ရင်း(၁၀)မှ ဗိုလ်မှူးစောဖိုးစီနှင့် တပည့်တစ်ဦး သေဆုံးခဲ့သည်။