ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်ကိုလာသည့် ခရီးသည်တင်ယာဥ်တစ်စီးကို ရှာဖွေစစ်ဆေးစဥ် ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြရူးသွပ်ဆေးပြား အပြား ၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါး အလွဲသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ယနေ့(ဇူလိုင်လ ၁၄) သတင်းထုတ်ပြန်သည်။
တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၂ ရက်က ဖမ်းဆီးမိခြင်းဖြစ်ပြီး ခရီးသည်တင်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၇၁ နှစ်အရွယ် ဒေါ်ခင်လှသိန်း(ခ) ဒေါ်မတွတ်ထံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။
ဒေါ်ခင်လှသိန်း ကို ကလိန်အောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
ဇွန်လ ၂၃ ရက်ကလည်း မလွှဲတောင် စစ်ဆေးရေးဂိတ်တွင်ပင် အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းဆီးရမိခဲ့သေးသည်။