ဆင့်ကဲပြောင်းလဲမှု ဇီဝဗေဒပညာရှင် ရော့ဘ်ဝေါ့လေ့စ်သည် ကမ္ဘာကျော် စာအုပ်တစ်အုပ်ဖြစ်သည့် “မဟာစိုက်ပျိုး ရေးလုပ်ငန်းကြီးတွေကြောင့် တုပ်ကွေးရောဂါကြီးများ ဖြစ်ရသည်” (Big Farms make Big Flu)) ဟူသော စာအုပ်ရေးသူ ဖြစ်သည်။ နယ်မြေဧကပေါင်းများစွာကို ခုတ်ထွင်ရှင်းလင်းပြီး လုပ်ကိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးများကြောင့် ကမ္ဘာကြီး ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေကြောင်း မီးမောင်းထိုးပြခဲ့သူဖြစ်သည်။ အရင်းရှင်စနစ်ကို အခြေပြုသော စီးပွားရေး ပုံစံများသည် ဂေဟဗေဒစနစ် ကို ပျက်ယွင်းစေသည်၊ လုပ်ကွက်ငယ် လယ်သမားများကို ဘဝပျက်စေသည်။
နောက်ဆုံး ကမ္ဘာကြီးကိုပင် ပျက်သုဉ်း စေတော့မည်ဖြစ်သည်။ ကိုဗစ်ကပ်ဘေး ဖြစ်လာသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စု မင်နီဆိုးတား တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ရော့ဘ်ဝေါ့လေ့စ်ကို ဂျာမန်မဂ္ဂဇင်းMarx21 က မတ်လ ၁၁ ရက်နေ့က ဆက်သွယ်မေး မြန်းထားသည်။ ယင်းတို့အနက် လက်ရှိ မြန်မာ့အခြေအနေနှင့် ကိုက်ညီသည့် အမေးအဖြေအချို့ကို တနင်္သာရီအပတ်စဉ် အယ်ဒီတာတစ်ဦးက ထုတ်နုတ်ဘာသာ ပြန်ဆို ဖော်ပြထားပါသည်။
ခင်ဗျားက ကပ်ရောဂါအကြောင်းတွေနဲ့ သူတို့ဖြစ်လာရတဲ့ အကြောင်းရင်းခံတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တယ် နော်။ ခင်ဗျားရေးခဲ့တဲ့ “မဟာ စိုက်ပျိုးရေး လုပ်ငန်းကြီးတွေကြောင့် တုပ်ကွေးရောဂါကြီးများ ဖြစ်ရသည်” ဆိုတဲ့ စာအုပ်မှာ စိုက်ပျိုးမွေးမြူရေးခြံကြီးတွေ၊ အော်ဂဲနစ် စိုက်ပျိုး မွေးမြူရေးပုံစံနဲ့ ဗိုင်းရပ်စ် ကူးစက်ရောဂါ ပြန့်ပွားပုံတွေရဲ့ အဆက် အစပ်ကို ချိတ်ဆက်ပေးဖို့ ကြိုးပမ်းခဲ့ တယ်နော်။ ခင်ဗျား ထိုးထွင်းတွေ့ရှိတဲ့ ကောက်ချက်က ဘာလဲဗျ။
ကပ်ဘေးအသစ်တစ်ခုချင်းစီတိုင်းရဲ့ တကယ့်အန္တရာယ်ကတော့ ကိုဗစ် ၁၉ လို ကပ်ဘေးအသစ်တိုင်းဟာ သီးခြားစီ ဖြစ်လာခဲ့တာ မဟုတ်ဘူးဆိုတာကို လက်ခံ သင်ခန်းစာယူဖို့ ကောင်းခဲ့တာ၊ ဒါမှမဟုတ် သင်ခန်းစာယူဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်အသစ်တွေ ထပ်တိုးတိုးပြီးတွေ့နေတာဟာ အစားအသောက်ထုတ်လုပ်ရေးပုံစံ၊ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေရဲ့ အမြတ်အစွန်းအတွက် ရည်ရွယ်လုပ်ကိုင်နေတာတွေနဲ့ ခိုင်ခိုင်မာမာ ဆက်စပ်နေပါတယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ ဘာကြောင့်ပိုပိုပြီး အန္တရာယ် ကြီးလာရတာလဲဆိုတာကို နားလည်ဖို့ ကြိုးစားသူတိုင်း အကြီးစား စိုက်ပျိုးရေး လုပ်ငန်းပုံစံ၊ ပိုပြီး တိတိကျကျဆိုရရင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပုံစံတွေကို လေ့လာစူးစမ်းဖို့ လိုကို လိုပါမယ်။ အခု အခြေအနေမှာတော့ အစိုးရအနည်းငယ်၊ သိပ္ပံပညာရှင် အနည်းငယ်ကပဲ အဲဒီလို လုပ်ဖို့ ပြင်နေကြတယ်။ တကယ့်ကိုက ပြောင်းပြန်ပါပဲ။
ကပ်ဘေးတစ်ခုခု ဖြစ်လာပြီဆိုရင် အစိုးရတွေ၊ မီဒီယာတွေနဲ့ ဆေးဘက်ဆိုင်ရာ အင်စတီကျူးရှင်းတွေ အများစု ကိုယ်တိုင်ကိုမှ ကပ်ဘေးတစ်ခုချင်းစီကို သီးခြား ဦးတည်ထားတာ တွေ့ရတယ်။ ကမ္ဘာလုံးချီ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ရုတ်တရက် ထထဖြစ်စေတဲ့ အကြောင်း ရင်းခံတွေကို ဖြစ်လာစေတဲ့ စနစ်ပိုင်းဆိုင်ရာ တစ်ခုလုံးကြီးကို ခပ်ပေါ့ပေါ့ သဘောထားနေကြတယ်။
ဒီတော့ ဘယ်သူ့ကို အပြစ်ဖို့ ရမှာလဲ။
အကြီးစား စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေလို့ ကျွန်တော်ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာကိုမှာ ပိုကြီးမားကျယ်ပြန့် တဲ့ နယ်ပယ်အဝန်းအဝိုင်း ရှိသေးတယ်။ အရင်းရှင်ပုံစံဟာ တကယ့်မူလ သဘာ၀ သစ်တောတွေ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ အသေးစား လယ်ယာမြေပိုင်ရှင်လေးတွေ ထံကနေ မြေယာသိမ်းတာတွေ ဖြစ်လာစေတယ်။ ဒီလိုမျိုး အရှင်းရှင်ပုံစံကြောင့် သစ်တွေပြုန်းတီးတာတွေ၊ ကပ်ဘေးတွေ ပိုဖြစ်လာစေတဲ့ အကြောင်းရင်းခံတွေ များလာတာ ဖြစ်လာတယ်။ မြေယာတွေကို ပုံစံအမျိုးမျိုး၊ ရှုပ်ရှုပ်ထွေးထွေးနဲ့ အလုပ်ဖြစ်အောင်၊ ငွေကြေး တွက်ခြေကိုက်အောင်ဆိုပြီး အသုံးချတာတွေက အခြေတည်ပြီးသား ရောဂါဖြစ်ပွားစေတဲ့ (ရောဂါပိုးလိုမျိုး) ပစ္စည်းတွေကို ဒေသခံတွေရဲ့ စိုက်ပျိုးမွေးမြူရေး ခြံတွေ၊ လူ့အဝိုင်းအဝန်းတွေထဲ ပျံ့နှံ့ရောက်လာစေတယ်။ အတိုချုပ်ပြောရရင် အရှင်းရှင်စနစ်ရဲ့ ဆုံချက်ဖြစ်တဲ့ လန်ဒန်၊ နယူးယောက်၊ ဟောင်ကောင်လိုမျိုး မြို့ကြီးတွေဟာ ရောဂါဘယ ဖြစ်ပွားစေတဲ့ ပင်မနေရာတွေ အဖြစ်တောင် ယူဆနိုင်ပါတယ်။
ဒီလိုကြောင့်မို့လို့ ဘယ်လို ရောဂါဘယတွေ ဖြစ်လာစေတာလဲ။
ဒီနေရာမှာတော့ ဒီလိုမျိုး အရင်းရှင်စနစ်နဲ့ ကင်းပြီးဖြစ်တည်လာတဲ့ ရောဂါပိုးတွေဆိုတာ မရှိပါဘူး။ အရမ်းကို အစွန်အဖျားကျတဲ့နေရာတွေတောင် ထိပါတယ်။ အီဘိုလာ၊ ဇီကာ၊ ကိုရိုနာဗိုင်း ရပ်စ်၊ ငန်းဝါ အဖျားရောဂါ၊ ကြက်ငှက် တုပ်ကွေး၊ အာဖရိကန် ဝက်တုပ်ကွေး လိုမျိုး ရောဂါဖြစ်စေတဲ့ပိုးတွေဟာ အဲဒါတွေဟာ အစွန်အဖျားကုန်းတွင်းပိုင်းတွေ ကနေ မြို့ဆင်ခြေဖုံးတွေ၊ ဒေသတွင်းမြို့တော်တွေ၊ နောက်ဆုံးမှာတော့ ကမ္ဘာ့ကူးသန်းသွားလာရေး ကွန်ရက်ကြီးထဲအထိ ဝင်ရောက်သွားပါတယ်။ (အာဖရိကတိုက်) ကွန်ဂိုနိုင်ငံက လင်းနို့တွေဟာ (အမေရိကန်ပြည်ထောင်စု)မီယာမီမှာ နေပူဆာလှုံနေသူတွေအထိကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ရောက်သွားပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒီလိုဖြစ်စဉ်မှာ နိုင်ငံစုံ ကော်ပိုရေးရှင်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုပါနေပါလဲ။
ဇီဝလောင်စာ သုံးတာ၊ မြေယာတွေ အသုံးပြုတာတွေ ဘက်ကနေကြည့်ရင် မြေကမ္ဘာကြီးက စက်မှုစိုက်ပျိုးခြံကမ္ဘာကြီး နီးနီးဖြစ်နေပြီ။ အကြီးစားစိုက်ပျိုးရေးလုပ်ငန်းကြီးတွေက အစားအသောက် ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတယ်။ အားနည်းတဲ့ နိုင်ငံငယ်လေးတွေက သယံဇာတတွေနဲ့ မြေယာတွေကို သိမ်းပိုက်ဖို့ ဖွံ့ဖြိုးနိုင်ငံတွေမှာ အခြေ စိုက်ထားတဲ့ ကုမ္ပဏီတွေက နီယိုလစ်ဘရယ် စီမံကိန်းအားလုံး နီးပါးကို စုစည်းပြီး အထောက်အပံ့ပေးနေတယ်။ အဲဒီမှာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအသစ်တွေ ဟာ အဆင့်ဆင့်ပြောင်းလဲဖြစ်တည်နေတဲ့ သစ်တောဂေဟစနစ်အတွင်းမှာ အရင်က သူ့ဟာသူ တည်ရှိဖြစ်တည် နေရာကနေပြီး ရုန်းကန်လွတ်ထွက်တာတယ်။ နောက်ပြီး တစ်ကမ္ဘာလုံးကို ဒုက္ခပေးတော့တာပါပဲ။
အကြီးစားစီးပွားရေးဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစနစ်ကြောင့် ကော ဘယ်လို သက်ရောက်မှုတွေရှိလဲ။
အရင်းရှင်ပုံစံ စီးပွားဖြစ် စိုက်ပျိုး ရေးစနစ်က သဘာဝဂေဟ စနစ်တွေမှာ အစားထိုးနေရာ ဝင်ယူလိုက်တယ်။ အဲဒါကြောင့်ပဲ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေဟာ သေကြေပျက်စီးစေလောက် အောင်ပြင်းထန်ပြီး ကူးစက်ပြန့်ပွားလွယ်တဲ့ သတ္တဝါပိုးကောင်တွေအဖြစ် ဆင့်ကဲ ပြောင်းလဲလာပါတော့တယ်။ လူတွေ အသက်ဆုံးပါးစေနိုင်လောက်တဲ့ ရောဂါတွေ မဖြစ်အောင် ဒီထက် ပိုကောင်းတဲ့စနစ် ခင်ဗျား ဒီဇိုင်း မချနိုင်ဘူး။
မီဒီယာတွေ တော်တော်များများမှာ ရေး ကြတယ်။ ကိုရိုနာဗိုင်းရပ်စ် စဖြစ်တဲ့ နေရာဟာ ဝူဟန် အသားစားကျူးတဲ့ ဈေးထဲက ဆိုပြီးတော့။ အဲဒီအဆို မှန်လား။
မှန်လည်း မှန်တယ်။ မှန်လည်း မမှန် ဘူး။ အဲဒီအဆိုနဲ့ ပတ်သက်ပြီးတော့လည်း သဲလွန်စတွေ ရှိတယ်။ ရောဂါကူးစက် ထိတွေ့မှုရှိတဲ့ နေရာကို နောက်ကြောင်း ပြန်လိုက်တော့ သားရဲတိရစ္ဆာန်တွေရောင်းတဲ့ ဝူဟန်မြို့က ဟူနန်ပင်လယ်စာ ဈေးကွက်ကနေ လာတာဆိုပြီး တွေ့ရတယ်။ နမူနာတွေ ကောက်ကြည့်တဲ့အခါမှာ ဈေးအနောက်ဘက်အစွန်းက တောကောင်တွေ ထိန်းသိမ်းထားတဲ့ နေရာမှာ သွားတွေ့တယ်။
ဒါပေမဲ့ အဲဒီဈေးကနေ ဘယ်လောက်ထိ နောက်ကြောင်းပြန် ပြီး ကျယ်ကျယ် ပြန့်ပြန့်လိုက်နိုင်သလဲ။ ဘယ်အချိန်တုန်းကများ တကယ့်အရေးပေါ် အခြေအနေ စနှင့်နေခဲ့ပြီလဲ။ ဝူဟန်ဈေးသက်သက်ကိုပဲ ဦးတည်ချက်ထားတာကတော့ ကုန်းတွင်းတောတောင်ပိုင်းတွေမှာ စိုက်ပျိုးမြေတွေ ချဲ့ထွင်ဖြစ်လာတာ၊ အရှင်းရှင် ဂယက်ပြန့်ပွားမြင့်တက်လာတာတွေ ကို မျက်ကွယ်ပြုရာ ရောက်တယ်။ တစ်ကမ္ဘာလုံးမှာရော၊ တရုတ်မှာကော တောကောင်သား စားသောက်ရောင်းချတာဟာ စီးပွားရေး လုပ်ငန်းကဏ္ဍတစ်ခုလိုကို စနစ်တကျ ဖြစ်လာတယ်။ သူနဲ့ ဆက်စပ်တဲ့ စီးပွားဖြစ် အကြီးစား စိုက်ပျိုးရေးကလည်း ပိုကြီးလာပြီး အရင်အကျိုး အမြတ်ရနေတဲ့ သူတွေဆီပဲ အကျိုးအမြတ် ရောက်တယ်။ ဝက်လိုမျိုး မွေးမြူရေး လုပ်ငန်းကြီးတွေကလည်း နဂိုသဘာ၀ အတိုင်းရှိနေတဲ့ တောတွေဆီ ချဲ့ထွင် သွားတယ်။ ဒီတော့ သားရိုင်းကောင်ရှာတဲ့သူတွေကလည်း တောပိုနက်နက်ထဲ သွားရတယ်။ အဲဒီမှာ ကိုဗစ်နိုင်တီး အပါအဝင် ရောဂါလာစေတဲ့ ပိုးအသစ်တွေနဲ့ ထိတွေ့တာ ဖြစ်လာတယ်။
ရေရှည်တည်တံ့ဖို့အတွက် ဘယ်လို အပြောင်းအလဲတွေ လုပ်ရမလဲ။
ဗိုင်းရပ်စ်အသစ်တွေ ထပ်ထပ်ပြီး ပေါ်လာတာကို လျှော့ကျအောင်ဆိုရင် စားနပ်ရိက္ခာထုတ်တဲ့ ပုံစံကို လုံးဝဥဿုံ ပြောင်းလဲ ပစ်မှရမယ်။ လယ်သမားတွေ လက်ထဲ လုပ်ခွင့်ကိုင်ခွင့် အာဏာပိုပေးတာ၊ ပိုပြီးအားကောင်းတဲ့ အစိုးရစီမံ အုပ်ချုပ်မှုပုံစံတွေကသာ သဘာ၀ ပတ်ဝန်းကျင် တစ်ဖန်ပြန်အဖတ်ဆယ်နိုင်ဖို့နဲ့ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာ အမျိုးမျိုး၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ပဒေသာစုံအောင် လုပ်ရမယ်။
နောက်ပြီး သဘာ၀ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို အရိုင်းအတိုင်း ပြန်ဖြစ်အောင် မဟာဗျူဟာကျကျ လုပ်ရမယ်။ အဲဒါတွေမှာ မြေပြင်ကွင်းထဲမှာ သာမက ဒေသတွင်း အဆင့်အထိတောင် အဆင့်နှစ်ရပ်စလုံးမှာ လုပ်ရမယ်။ စားနပ်ရိက္ခာ အတွက် မွေးထားတဲ့ တိရစ္ဆာန်တွေကို ခြံထဲမှာပဲ ပြန်ပြီး မျိုးပွားထုတ်လုပ်နိုင် အောင် သက်ဆိုင်ရာ ရပ်ရွာတွေမှာ ခွင့်ပြုပေးရမယ်။ မျှတတဲ့ ထုတ်လုပ်မှု စနစ်နဲ့ မျှတတဲ့ ဖြန့်ချိမှုစနစ်ကို ချိတ်ဆက်ပေး ရမယ်။ ဂေဟဗေဒနဲ့ ကိုက်ညီတဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေ ဖြစ်လာအောင် ဈေးနှုန်းအာမခံချက် ပေးတာတွေ၊ ဝယ်သူတွေအတွက် အစီအစဉ်တွေကို (အစိုးရက ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက) ထောက်ပံ့ပေးရမယ်။ နီရိုလစ်ဘရယ်အရှင်းရှင်စနစ်ကို အခြေခံတဲ့ စီးပွားရေးပုံစံတွေ လူတစ်ဦးချင်းစီနဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေဆီကိုလာပြီး သွတ်သွင်းတာနဲ့ အရင်းအနှီး ငွေလုံး ငွေရင်းတွေ ယူလာပြီး အစိုးရကိုယ်တိုင်က လူတစ်ဦးချင်းနဲ့ ရပ်ရွာအသိုင်းအဝိုင်း တွေကို ဖိနှိပ်ခြင်းရဲ့ ဘေးကနေ ကာကွယ်ရမယ်။
ကပ်ဘေးတွေ အုံနဲ့ကျင်းနဲ့ တိုးလာတဲ့ အချိန်မှာ ဆိုရှယ်လစ်သမားတွေက ဘာတွေ တောင်းဆိုသင့်လဲ။
လူမှုအဝန်းအဝိုင်းထဲ တည်တံ့ ထုတ်လုပ်နိုင်စွမ်း အမြင်ဘက်ကဆိုရင် စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းကြီးတွေရဲ့ နောက်ဆုံး အဆုံးသတ်ဟာ အကောင်းကိုပဲ ဦးတည်ရမယ်။ တကယ်လို့ အများပြည်သူ ကျန်းမာရေးက အရေးပါတယ် ဆိုရင်ပေါ့။ အရင်းရှင်စနစ်ကို အရမ်းမှီခိုအားထားတဲ့ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းပုံစံတွေဟာ လူသား မျိုးနွယ်တစ်ရပ်လုံးကို မျိုးသုဉ်းစေနိုင်တယ်။ သေကြေပျက်စီးနိုင်တဲ့ ကပ်ဘေး အသစ်တွေကို ပေါ်ပေါက်စေပါတယ်။
အစားအသောက် ထုတ်လုပ်ရေး ပုံစံကို အရှင်းရှင်စနစ်အပေါ် မမှီခိုဘဲ ကိုယ့်ဒေသတွင်းမှာ ဖူလုံအောင် လည်ပတ်နေနိုင်တဲ့ စနစ်မျိုးဖြစ်ရေး ကျွန်တော်တို့ တောင်းဆိုသင့်တယ်။ ဒါမှပဲ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဟာ မူလနေရာကနေ မထွက်လာနိုင်အောင် ထိန်းထားနိုင် မယ်။ ဒီလိုလုပ်ဖို့ဆိုရင် အစားအသောက် ထုတ်လုပ်ရေးဟာ ကိုယ့်ရပ်ရွာဒေသရဲ့ လိုအပ်ချက် ပဓာနထားတဲ့ ပုံစံနဲ့ပြန်ပြီး ပေါင်းစပ်တာမျိုး လုပ်ဖို့လိုပါမယ်။ (ဆိုလိုသည်မှာ ပြင်ပကမ္ဘာကြီးက ဒေသခံများအတွက် အမှန်တကယ်မလိုအပ်ဘဲ သွတ်သွင်းလိုက်သော စားသောက်၊ သုံးကုန်များထက် တကယ့်လိုအပ်မှုကို အခြေပြုသော ပုံစံ)။ ဒီလိုဆိုရင် လယ်သမားတွေ ကျွန်တော်တို့အတွက် အစားအသောက် စိုက်ပျိုးထုတ်လုပ်နိုင် ပြီး သဘာ၀ပတ်ဝန်းကျင်နဲ့ လယ်သမားတွေကို အကာအကွယ်ပေးထားတဲ့ ဂေဟ ဗေဒဝန်းကျင်နဲ့ကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်းတွေ လိုပါတယ်။ ပုံကားချပ် ကျယ်ကျယ်ကို ကြည့်ပြောရရင် ဂေဟ စနစ်နဲ့ စီးပွားရေး ပုံစံတွေကို ခွဲထုတ် ထားတဲ့ (စီးပွားရေးဘက်ကိုပဲ ကြည့်ပြီး ဂေဟစနစ်ကို ပစ်ပယ်ထားတဲ့) အတွင်း လှိုက်စားမှုတွေကို ကုစားရမယ်။ အတိုချုပ်ပြောရရင် ကျွန်တော်တို့ နိုင်အောင် တိုက်ဖို့လိုနေတဲ့ ဂြိုဟ်ကမ္ဘာတစ်ခု ရှိနေတယ်။