BREAKING
October 19, 2024

ထိုင်းတွင် လုပ်ငန်းခွင်ထဲ ဝင်ရောက်စစ်ဆေးဖမ်းဆီး၊ တစ်ပတ်အတွင်း မြန်မာလုပ်သား ၁၉၀ ဦး ဖမ်းဆီးခံရ

June 14, 2024

ထိုင်းနိုင်ငံ လုပ်ငန်းခွင်များတွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး တစ်ပတ်အတွင်း တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၉၀ ဦးကို ဖမ်းမိကြောင်း ထိုင်းအလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်သည်။

ထိုင်းအာဏာပိုင်များက နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်မှု မရှိစေရေးအတွက် ဇွန်လ ၅ ရက်မှ ဇွန်လ ၁၂ ရက်အထိ ဘန်ကောက်၊ ပထုံဌာနီ၊ ရနောင်းနှင့် အခြား ခရိုင်များရှိ လုပ်ငန်းခွင်ပေါင်း ၁၇၇၄ နေရာကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ဆောက်လုပ်ရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် ဈေး၊ စျေးဝယ်စင်တာများတွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းလုပ်ငန်းခွင်များရှိ နိုင်ငံခြားသား အလုပ်သမားပေါင်း ၂၆,၁၈၉ ကို စစ်ဆေးခဲ့ပြီး စစ်ဆေးခံရသူများတွင် မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော်အထိ အများဆုံးပါဝင်ခဲ့သည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသား ၃၉၇၁ ဦး၊ လာအိုနိုင်ငံသား ၁၆၅၉ ‌ဦးနှင့် အခြားနိုင်ငံသား ၄၄၄ ဦးလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

၎င်းတို့အနက် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမား ၂၄၀ ဦးကို ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၁၉၀ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ရှစ်ဦးနှင့် အခြားနိုင်ငံသား လေးဦးလည်း ဖမ်းဆီးခံရရာတွင် ပါဝင်သည်။

ဖမ်းဆီးခံရသူများသည် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် အထောက်အထား မပြည့်စုံသူများဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသားများသည် ထိုင်းတွင် အလုပ်လုပ်ခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Thailand Plus, Bangkok Insigth, กรมการจัดหางาน