BREAKING
January 19, 2025

တနင်္သာရီတွင် စစ်ဘေးရှောင်များ ငှက်ဖျားအဖြစ်များလာ၊ စစ်ဆေးသည့်ကိရိယာများ အရေးပေါ်လို

June 14, 2024

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်များ ငှက်ဖျားရောဂါ ဖြစ်ပွားမှုများလာပြီး ရောဂါ ရှိ မရှိ စစ်ဆေးသည့်ကိရိယာ (Test Kit) များ အရေးပေါ်လိုအပ်နေကြောင်း မြို့နယ်အတွင်းရှိ PDF ဆေးမှူးအချို့က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့်နေရာအချို့တွင် ငှက်ဖျားရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး အမြန်သွေးစစ် ကိရိယာ (Test Kit) များ ပြတ်လပ်နေပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဆေးမှူးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်မေလက ငှက်ဖျားဖြစ်ပွားသူ ၁၉ဦးရှိရာမှ ယခုဇွန်လပထမအပတ်တွင်ပင် ၁၉ဦးအထိ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။

ယခင်ကမူ တနင်္သာရီမြို့နယ်အတွင်း ငှက်ဖျားပိုးတွေ့သူ အနည်းအကျဉ်းသာရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါငှက်ဖျားရောဂါဖြစ်ပွားသူစာရင်းတွင် ၎င်းတာဝန်ယူထားသည့် ကျေးရွာများတွင်ဖြစ်ပွားသည့် အရေအတွက်သာ ဖြစ် ပြီး မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း အဖြစ်များနေကြောင်း အထက်ပါဆေးမှူးက ဆက်လက်ပြောဆိုသည်။

“ဒီနှစ်မှာ နေရာအတော်များများမှာက ငှက်ဖျားပြန်ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် တနင်္သာရီမြစ်ဖျားတစ်လျှောက် က ငှက်ဖျားဒေသတွေဖြစ်တယ်လေ။ ငှက်ဖျား မဖြစ်ကြတော့ဘဲ ပျောက်သွားတာက ရှစ်နှစ်လောက်ရှိပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အခြားဆေးမှူးတစ်ဦးလည်း ငှက်ဖျားပိုးရောဂါ ကူးစက်ခံထားရ ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဆေးဝါး အပါအဝင် ရိက္ခာသယ်ဆောင်ခွင့်ကိုလည်း လုံးဝပိတ်ပင်ကန့်သတ်ထားသည်။

ထိုကဲ့သို့ ငှက်ဖျားရောဂါဖြစ်ပွားသူများနေချိန်တွင် ရောဂါရှိမရှိ အမြန်သွေးဖောက်စစ်ဆေးနိုင်သည့် (Test Kit)များ လုံးဝပြတ်လပ်သွားကြောင်း အထက်ပါဆေးမှူးက ပြောဆိုသည်။

“ငှက်ဖျားစစ်တံက အခုဆိုရင် လုံးဝမရှိတော့ဘူး။ နောက်ထပ် (လူနာ) လာရင် စစ်ဖို့မရှိတော့ဘူး။ ဖုန်းလိုင်းတွေလည်း မကောင်းတော့ အကူအညီတောင်းလို့လည်း မရဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ငှက်ဖျားပိုးရှိမရှိ သွေးဖောက်စစ်ဆေးသည့် Test Kit များလှူဒါန်းလိုပါက တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ချိတ်ဆက်ပြီး လှူဒါန်းနိုင်ကြောင်း ဆိုသည်။

ငှက်ဖျားရောဂါမှာ အနောဖလိခြင် (အမ) အကိုက်ခံရရာမှ ကူးစက်ခြင်းဖြစ်ပြီး ရောဂါပိုးရှိသူကို ကိုက်ပြီးအခြားသူများကို ထပ်ကိုက်ရာက ကူးစက်လေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ထို့ကြောင့် ခြင်ကိုက် မခံရစေရန် ဆေးစိမ်ခြင်ထောင် သို့မဟုတ် ခြင်ထောင်ဖြင့် အိပ်သင့်ကြောင်း အကြံပြုထားသည်။