BREAKING
January 6, 2025

ထားဝယ် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီစစ်ကြောင်းဝင်၊ အဘိုးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံး

June 14, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာတွင် ယနေ့ ဇွန်လ ၁၄ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက် လာပြီးနောက် အသက် ၈၀ကျော်အရွယ် အဘိုးတစ်ဦးဒဏ်ရာများဖြင့် သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။

အင်အား တစ်ရာခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မောင်မယ်ရှောင်ရွာသို့ ယနေ့ နံနက်ပိုင်းကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းနောက် လမ်းသွားလမ်းလာများနှင့် ဒေသခံများကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အရေအတွက်မည်မျှ ဖမ်းဆီးစစ်ဆေးခဲ့သည်ကို မသိရသေးပေ။

စစ်ကြောင်းဝင်လာစဉ် PDF လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိနစ်အနည်းငယ်ကြာ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစစ်ကြောင်းမှာ ယနေ့ ညနေ ၃ နာရီအထိ မောင်မယ်ရှောင်ရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကြောင်းဝင်နေချိန် မောင်မယ်ရှောင်ကျေးရွာ အရှေ့ပိုင်းတွင်နေထိုင်သည့် အသက် ၈၀ အရွယ် ဦးလှမြင့်ဆိုသူ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံတို့က ပြောဆိုသည်။

“အိမ်ထဲမှာ ဒဏ်ရာတွေနဲ့ သေနေတယ်လို့ပြောတယ်။ လက်နက်ကြီးကျလို့လား၊ ပစ်သတ်ခံရလို့လားဆိုတာတော့ သေချာ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံအချို့ကမူ ဦးလှမြင့်ကို ယနေ့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“သူက ဝင်လာတဲ့စစ်ကြောင်းကို (အိမ်ပေါ်ကနေ) ဆင်းမေးတယ်လို့တော့ကြားတာပဲ” ဟု ဒေသခံ အခြားတစ်ဦးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သတ်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ထားဝယ်-ရေဖြူလမ်းပိုင်းဖြစ်သည့် မောင်မယ်ရှောင်ရွာအနီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

မောင်မယ်ရှောင်ရွာအတွင်းသို့ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။

ထို့ကြောင့် မောင်မယ်ရှောင်ရွာခံအများစုမှာ ယခုနှစ် အစောပိုင်းကစပြီး နေရပ်စွန့်ခွာ၍ ထားဝယ်မြို့ နှင့် အခြားမြို့များသို့ ပြောင်းရွှေ့ နေထိုင်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။