BREAKING
November 24, 2024

NUG အလုပ်သမားဝန်ကြီးနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

June 14, 2023

အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဝန်ကြီးနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ် ၇ ရပ်ကွက်တွင်ရှိသည့် နေအိမ်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တို့က ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က စာလာကပ်ပြီး ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အိမ်တွင် ကပ်ထားသည့်စာတွင် နိုင်သုဝဏ္ဏ၏ နေအိမ်အဆောက်အအုံကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့် ချိပ်ပိတ်သိမ်းဆည်းထားသော အဆောက်အအုံဖြစ်သည်ဟု ဖော်ပြပါရှိသည်။

“နိုင်သုဝဏ္ဏအိမ်ကို အရင်ကလည်း နှစ်ခေါက်လောက် အဲဒီလို စာလာကပ်တယ်။ (အိမ်က) မနေတာကြာပြီ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မနေတော့တာ။ အကြမ်းဖက်ဥပဒေအရ သိမ်းဆည်းတယ်ဆိုပြီးတော့ စာကပ်ထားတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

နိုင်သုဝဏ္ဏသည် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မွန်ပါတီကိုယ်စားပြုဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ဖူးသည့် ဝါရင့်နိုင်ငံရေးသမားဖြစ်ပြီး မွန်ညီညွတ်ရေးပါတီတွင်လည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတွင် ကောင်စီဝင်အဖြစ် မွန်ညီညွတ်ရေးပါတီက ပါဝင်ခဲ့ပြီးနောက် ပါတီမှ နိုင်သုဝဏ္ဏ နုတ်ထွက်ခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လတွင် နိုင်သုဝဏ္ဏသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ထားချက်အရ စစ်အာဏာသိမ်းပြီးနောက် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။