BREAKING
April 25, 2025

မင်းထိန်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာသားများထွက်ပြေးနေရ

June 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ရွာသားများ ထွက်ပြေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၁ နာရီခန့်ကစပြီး ပုလောအခြေစိုက် ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ၎င်းတို့က ပြောသည်။

“ပစ်နေတာက ဆက်တိုက်ပဲ။ ရွာလယ်ဟိုင်းဝေးလမ်းမကြီးပေါ် လာကျနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲဖြစ်သံ မကြားဘူး။ နားလိုက်၊ ပစ်လိုက်လုပ်နေတာ။ (မင်းထိန်ရွာအနီးက) ပဝတ်ကုန်းဖက်လည်း ပစ်နေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

မင်းထိန်ရွာတွင် ဇွန်လ ၁ ရက်နှင့် ဇွန်လ ၇ ရက်နေ့ကလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

လက်နက်ကြီးစထိမှန်ပြီး ဆေးကုသနေရသည့် ဒေသခံအချို့လည်း ရှိနေသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေသဖြင့် ရွာသားထက်ဝက်ခန့်မှာ ကြောက်လန့်ပြီး အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းသွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းထိန်ရွာသည် ပုလောမြို့အနီးတည်ရှိပြီး စစ်အာဏာသိမ်းကတည်းက ရွာအတွင်း နှစ်ဖက်တိုက်ပွဲ မဖြစ်ခဲ့ဖူးသည့် ကျေးရွာဖြစ်သည်။

သို့သော် ယင်းရွာအနီးတဝိုက်ရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ မကျည်းကုန်း၊ သင်္ကန်းတော၊ ကဒဲ စသည့် ကျေးရွာများတွင် တိုက်ပွဲမကြာခဏဖြစ်လေ့ရှိပြီး ယင်းရွာများတွင် ရွာသားအများစု နေထိုင်ခြင်းမရှိသည်မှာလည်း ကြာပြီဖြစ်သည်။