BREAKING
January 17, 2025

ရေဖြူ ဖားချောင်းရွာသားတစ်ဦး ဖမ်းဆီးခံရပြီး လေးရက်ကြာထိ အဆက်သွယ်မရ

June 14, 2023

ရေဖြူမြို့နယ် ဖားချောင်းကျေးရွာအုပ်စု ဖားချောင်းကျေးရွာသားတစ်ဦးကို ဇွန်လ ၁၁ ရက်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

အဖမ်းခံထားရသူမှာ အသက် ၅၀ အရွယ် ဦးစုရွှေဆိုသူဖြစ်ပြီး ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးသည့်အပြင် ‌နောက်ဆက်တွဲအခြေအနေကိုလည်း မသိရသေးကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးက ဆိုသည်။

“အဖမ်းခံရတာက မူးယစ်ဆေးကိစ္စလို့ အရပ်စကားအရ သိရတာပဲ။ PDF တွေ လာဖမ်းသွားတယ်ပဲပြောတယ်” ဟု ဒေသခံရွာသားတဦးက ပြောဆိုသည်။

သို့သော် မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားသည်ကိုမူ မသိသေးကြောင်း ဒေသခံတို့က ဆိုသည်။

ဖားချောင်းရွာသား အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ရေဖြူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လုပ်ဆောင်ခြင်း ဟုတ်မဟုတ် ယနေ့ ဇွန်လ ၁၄ ရက် မွန်းလွဲ ၂ နာရီကျော်အထိ ထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာ မရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားချောင်းကျေးရွာအုပ်စုထဲရှိ တောင်ရင်းအင်းရွာအုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား ငါးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးခဲ့သည်။

ယင်းပစ်ခတ်ခံရမှု ဖြစ်စဉ်များအနက် ဖားချောင်းကျေးရွာမှ ဦးကျော်ဦး ပစ်သတ်ခံရမှုဖြစ်စဉ်ကို ကံပေါက်ဒေသကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ကျန်သည့် ဖြစ်စဉ်လေးခုကိုမူ မည်သူတို့က လုပ်ဆောင်သည်ကို ယနေ့အချိန်အထိ မသိရသေးပေ။