လောင်းလုံးမြို့နယ်၊ သဗျာရွာ စားသောက်ဆိုင်၌ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားသည့် ပြည်သူခုနစ်ဦးအနက် နှစ်ဦးသာ ပြန်လွတ်လာသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြန်လွတ်လာသူနှစ်ဦးမှာ အဒေါ်ဖြစ်သူ၏ စားသောက်ဆိုင်တွင် ကူညီလုပ်ကိုင်ပေးနေသည့် မိန်းကလေးနှစ်ဦးဖြစ်ကြောင်း သဗျာရွာဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၁၃ရက် ညနေ ၄ နာရီခန့်တွင် မိဘများနှင့် ဆွေမျိုးနီးစပ်သူများက ရဲစခန်းသို့ သွားရောက်ထုတ်ယူခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့က အသက် ၁၆၊ ၁၇ အရွယ်လေးတွေ၊ ကလေးတွေ မိဘတွေရဲ့ အာမခံနဲ့ ပြန်လွတ်လာတာဖြစ်မယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
အဆိုပါမိန်းကလေးတို့နှင့်အတူ ဖမ်းဆီးခံရသည့် ကိုအီကြာကွေး၊ ကိုတေဇာကျော်၊ ကိုဌေးအောင်၊ ကိုတို၊ ကိုလင်းထိုက်ဆိုသူတို့မှာ ယနေ့ ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက လောင်းလုံးမြို့ သဗျာရွာ အုန်းသီးဆိုင်းဘုတ်အနီးတွင် ဒေသခံခရီးသွားများကို စစ်ဆေးခဲ့ပြီး ယင်းနေရာအနီး စားသောက်ဆိုင်တွင် စားသောက်နေသူ ငါးဦးနှင့်တူ ဆိုင်အကူ မိန်းကလေးနှစ်ဦးကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူအမျိုးသား ငါးဦးအနက် တစ်ဦးမှာ လောင်းလုံးမြို့ပေါ်ကဖြစ်ပြီး ကျန်လေးဦးမှာ သဗျာရွာခံများ ဖြစ်ကြောင်းဒေသခံများထံမှသိရသည်။