ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် စက်ဘီးဖြင့် အလုပ်သွားသော မြန်မာအလုပ်သမားတစ်ဦး လမ်းဘေးမြောင်းအတွင်း ပြုတ်ကျသေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသ၌ ကုမ္ပဏီဝတ်စုံဝတ်ထားသော စက်ရုံအလုပ်သမားတစ်ဦး လမ်းဘေးမြောင်းထဲ မှောက်လျက် ပြုတ်ကျသေဆုံးနေသဖြင့် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် မောင်မျိုးသက်နိုင် အမည်ရှိသော စက်ရုံအလုပ်သမားတစ်ဦးဖြစ်ပြီး စက်ရုံနှင့် မီတာ ၅၀၀ ခန့်အကွာတွင် သေဆုံးနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အလောင်းအနီးတွင် စက်ဘီး၊ ထမင်းချိုင့်၊ နိုင်ငံကူးလက်မှတ်စာအုပ်များ ထည့်ထားသော အိတ်တစ်လုံးကို တွေ့ရှိခဲ့သဖြင့် ၎င်း၏ဆွေမျိုးများကို ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူ၏ အနီးပတ်ဝန်းကျင်တွင် ခိုက်ရန်ဖြစ်ပွားမှု၊ တိုက်ခိုက်ခံရသည့်ပုံစံမျိုး မတွေ့ရှိရဘဲ အလောင်းတွင်လည်း ဒဏ်ရာရရှိထားခြင်းမရှိကြောင်း ပါးစပ်ထဲတွင်သာ ရွှံ့များ ပြည့်နေခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူသည် စက်ဘီးစီးရင်း မူးဝေသတိလစ်သွားပြီးနောက် လမ်းဘေးမြောင်းထဲ လဲကျသွားကာ ရွှံ့အိုင်ထဲ ခေါင်းစိုက်နေသဖြင့် အသက်ရှူရခက်ခဲပြီး သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့များက ကနဦး ကောက်ချက်ချထားသည်။
အလောင်းကို ရင်ခွဲစစ်ဆေးရန် စီရီရတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် သင်္ဂြိုဟ်နိုင်ဖို့ ဆွေမျိုးများသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သေဆုံးသူသည် အခန်းတွင် တစ်ယောက်တည်းနေထိုင်သူဖြစ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်သော ဇနီးနှင့် ကလေးကို နေ့စဉ် ဗီဒီယိုဖုန်းခေါ်ဆိုနေခဲ့ကာ ၎င်းတွင် ဆီးချိုရောဂါအခံရှိကြောင်း သေဆုံးသူ၏ ယောက်ဖဖြစ်သူက ပြောဆိုထားသည်။
Ref: Matichon Online
