BREAKING
January 17, 2025

သရက်ချောင်းတွင် နေရပ်ပြန်သည့် စစ်ဘေးရှောင်များ ပြန်ထွက်ပြေးရ

June 14, 2023

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပြီဆိုသဖြင့် စစ်ဘေးရှောင်ဒေသခံများ နေအိမ်သို့ ပြန်လာကြရာ စစ်ကြောင်းရှိနေသေးခြင်း၊ ထပ်ဝင်မည်ဆိုသည့်သတင်းတို့ကြောင့် ပြန်လည် ထွက်ပြေး တိမ်းရှောင်ကြရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပြီဆိုသဖြင့် ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ကမြိုင်၊ ဝဲရစ် စသည့်ကျေးရွာမှ စစ်ဘေးရှောင် ဒေသခံများ နေအိမ်သို့ ပြန်လာကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ ပြန်လာချိန်တွင် ရငဲရွာအပြင်ဘက်ရှိ ကျောက်တစ်လုံးစေတီဘက် တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ ရှိနေသလို အခြားကျေးရွာများသို့လည်း စစ်ကြောင်းပြန်ဝင်လာဦးမည်ဆိုသည့် သတင်းကြားရသဖြင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်ကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။

ရငဲ ကျောက်တစ်လုံးစေတီဘက်တွင်ရှိသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်နေသဖြင့် နေအိမ်သို့ ရောက်ပြီးပြီးချင်း ပြန်ထွက်ပြေးလာရကြောင်း ရငဲရွာက ဒေသခံအမျိုးသမီးက ဆိုသည်။

“သေနတ်တွေ ပစ်နေကြတယ်။ ကျွန်မတို့လည်း အရင်တစ်ခေါက်က နေရာထက် အဝေးကြီးကို ရောက်နေတယ်။ အိမ်ပြန်တဲ့လူတွေ ပြန်ရာကနေ ပြန်ထွက်ပြေးလာကြရတယ်” ဟု ၎င်းက ပြောသည်။

ကျောက်တစ်လုံးစေတီဘက် တောင်ပေါ်တွင် စစ်ကောင်စီတပ် အင်အား ၄ဝခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုများလည်း ဖြစ်ပွားနေ ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောဆိုသည်။

ရငဲရွာဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရပြီး စစ်ကြောင်းထပ်ဝင်မည်ဟု သတင်းထွက်နေသဖြင့် ဒေသခံများ တိမ်းရှောင်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

“စစ်ကြောင်းပြန်ထိုးမယ်ဆိုလည်းကြားတယ်။ လေယာဉ်နှစ်စီးလာမယ်ဆိုတဲ့ သတင်းတွေလည်းကြားတယ်။ ရွာတွေမှာ လူတွေမရှိကြတော့ဘူး။ ကျွန်တော်တို့လည်း မနေ့ကတည်းက ပြန်ထွက်ပြေးနေရတယ်” ဟု ကနက်သီရိကျေးရွာက ဖမ်းဆီးခံရပြီးပြန်လွတ်လာသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ယင်းအပြင် ကျေးရွာများရှိ ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့ရမည်ဆိုသည့် သတင်းလည်း ထွက်ပေါ်နေရာ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ စစ်ကောင်စီတပ်ဘက် သတင်းမှားလွှင့်ထားခြင်း ဖြစ်နိုင်ကြောင်း ပြောသည်

ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကနက်သီရိကျေးရွာက နေအိမ် ၅ လုံး၊ ပရိုက်ဘောက်ကား ၁ စီး၊ ရငဲကျေးရွာက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်မှ ဆေးပြန်လာယူသည့် ရငဲကျေးရွာက ကိုဝေယံဟိန်းကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့သည်။

နောက်အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၅၀ ကျော်လည်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ခုနစ်ရွာခန့်မှ ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။