BREAKING
October 19, 2024

မဲဆောက်တွင် မြန်မာလူငယ်က မိခင်ကို သတ်ပြီး အလောင်းမီးရှို့ဟုဆို

May 14, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် မြန်မာလူငယ်တစ်ဦးက မိခင်အရင်းဖြစ်သူကို ဓားဖြင့် ထိုးသတ်ပြီး အလောင်းကို မီးရှို့ခဲ့ကြောင်းထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထာ့ဆိုင်လွမ်ဒေသ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဟွေ့မွမ်ရွာတွင် မေလ ၁၃ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သားဖြစ်သူက မိခင်ဖြစ်သူနှင့် စကားများပြီးနောက် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းကို ဓါတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

သားဖြစ်သူ ပိုက်ဆံတောင်းစဉ် မပေးသဖြင့် သားအမိနှစ်ဦး အချင်းများခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေးသား ဖော်ပြထားသည်။ ယင်းဖော်ပြချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

သေဆုံးသည့် မိခင်ဖြစ်သူမှာ အသက် ၄၉ နှစ်အရွယ်ဖြစ်ပြီး သားဖြစ်သူမှာ အသက် ၂၃ နှစ်အရွယ်ဖြစ်ကြောင်း ဖော်ပြသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ အလုပ်ကပြန်လာချိန် အိမ်ထဲတွင် မီးလောင်သေဆုံးနေသော ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုချက်ကို ကိုးကားကာ သတင်းများတွင် ရေးသားထားသည်။

သားဖြစ်သူကို မေးမြန်းရာ ၎င်းသတ်မိကြောင်း ဝန်ခံခဲ့ဟုလည်း ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့သို့ ပြောကြားထားကြောင်း ဖော်ပြသည်။

အကြောင်းကြားပြီးနောက် မဲဆောက်ရဲတပ်ဖွဲ့က သားဖြစ်သူကို နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ယနေ့ မေလ ၁၄ ရက် နေ့လယ်ပိုင်းတွင် နေအိမ်တွင် လူသတ်မှုကို သရုပ်ပြ စေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်။

အဆိုပါလူငယ်ကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

Ref: Khaosod, โหนกระแส, MGR Online