BREAKING
January 9, 2025

သရက်ချောင်း ကနက်သီရိရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီက ကြည်း ရေ လေတို့ဖြင့် ပစ်ခတ်

May 14, 2024

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက် လေယာဉ်နှင့် စစ်သင်္ဘောတို့ဖြင့်ပါ ပြန်လည်တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

ကနက်သီရိရွာ ပင်လယ်ဝကို စစ်သင်္ဘောနှစ်စင်းရောက်ရှိနေပြီး လှေငယ်နှစ်စီးဖြင့်တက်လာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်း တပ်ဖွဲ့တို့ ယနေ့ မေလ ၁၄ ရက် နံနက် ၇ နာရီခန့်မှ မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ရေတပ်စစ်သင်္ဘောက ကနက်သီရိကျေးရွာဘက်ကို ယနေ့ ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ်နေကြောင်း ကနက်သီရိရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။

“ပစ်နေတာကတော့ တစ်မနက်လုံးပဲ ပစ်နေကြတယ်။ အခုညနေ ၄ နာရီလောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲ သွားတယ်။ နေရာကတော့ ကနက်သီရိလို့ပဲ သိထားတယ်။ ဘယ်နေရာတွေဆိုတာတော့ အတိအကျမသိဘူး။ ကျွန်တော် တို့လည်း ထွက်ပြေးနေရတာဆိုတော့” ဟု ၎င်းက ပြောသည်။

မေလ ၁၃ ရက်က အောက်သရက်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံတစ်ဆယ်ကျော်ကို ဖမ်းဆီးခဲ့ကြောင်းအောက်သရက်ချောင်းရွာက ဒေသခံတစ်ဦးက ဆိုသည်။

အောက်သရက်ချောင်းရွာက ဒေသခံအချို့ကို ပြန်လွှတ်လိုက်ပြီး လူငယ်နှစ်ဦးကိုမူ ကနက်သီရိရွာအထိ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၎င်းက ပြောဆိုသည်။

“ကနက်သီရိမှာ တိုက်ပွဲဖြစ်နေချိန် သူတို့နှစ်ယောက်ထွက်ပြေးလာတယ်။ ပစ်သတ်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

မေလ ၈ ရက်က ပဲဒက်စခန်းအသိမ်းခံရပြီးနောက် သရက်ချောင်းအောက်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတို့ဖြင့် ပစ်ခတ်နေသဖြင့် ပဲဒက်၊ ကျောက်ဆည်၊ ပိတောက်ကြီး၊ အောက်သရက်ချောင်း၊ တံခွန်တိုင်၊ ကနက်သီရိ၊ ရငဲ၊ ကမြိုင်စသည့်ကျေးရွာက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

စစ်ကောင်စီက ကနက်သီရိရွာကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် မေလ ၈ ရက်တွင် အသက် ၁၃ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးပြီး မေလ ၁၀ ရက် ဗုံးကြဲတိုက်ခိုက်မှုတွင် အမျိုးသား ၃ ဦး ထပ်မံသေဆုံးခဲ့သည်။

နှစ်ဖက်တိုက်ပွဲနှင့် စစ်သင်္ဘော၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် လူနှင့် နေအိမ်အဆောက်အအုံ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို Dawei Watch က ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။