ရန်ကုန်-ကော့သောင်းလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများကြောင့် ကားလမ်းပိတ်နေသဖြင့် ကုန်စည်ဆုံးရှုံးမှုများနေကြောင်း ကုန်သည်အချို့နှင့် ကားသမားများက ပြောသည်။
ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း လမ်းတစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲ၊ မိုင်းဆွဲတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကားလမ်းပိတ်နေကြောင်း ၎င်းတို့က ဆိုသည်။
မေလ ၁၁ ရက်နေ့က ဘီးလင်းနှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် တံတားကျိုးကျသွားသဖြင့် ရှောင်ကွင်းလမ်းက သွားရာတွင်လည်း လမ်းကျဉ်းသောကြောင့် ကားရာချီ ပိတ်မိနေသည်။
ထို့ကြောင့် ထားဝယ်ဒေသမှ ရန်ကုန်သို့ တင်ပို့မည့် ကုန်စည်ပစ္စည်းများ ဆုံးရှုံးနေကြောင်း ကုန်သည်အချို့နှင့် ကားသမားများက ပြောဆိုသည်။
ထားဝယ်မှ ရန်ကုန်သို့ ကဏန်းတင်ပို့ရောင်းချနေသူတစ်ဦးကလည်း ဘီးလင်း-သထုံအစပ်က ကျုံအိတ်တံတား မိုင်းခွဲခံရမှုကြောင့် ကားဆက်သွားမရဖြင့် ကဏန်းခြင်းများ ပြန်ရောက်လာကြောင်း ဆိုသည်။
“ဆုံးရှုံးမှုတွေကတော့ ရှိတာပေါ့။ ဟိုဘက်ကို ကျော်မရတော့ ဒီဘက်ကို ပြန်လှည့်လာတာမှာ ကဏန်းအသေအပျောက် များတာပေါ့။ နေအပူကလည်းပြင်းတဲ့အခါကျတော့၊ ခံတာကတော့ လေးငါးရက်ထိတောင်ခံတယ်၊ ဒါပေမဲ့ အခုလိုအပူပြင်းတဲ့ အခါကျတော့ အသေအပျောက်များတာပေါ့” ဟု ၎င်းက ပြောသည်။
ကဏန်းတစ်ကီလိုလျှင် ကျပ်တစ်သောင်းကျော်မှ သုံးသောင်းကျော်အထိရှိပြီး တစ်ခြင်းတွင် ၄၃ ကီလိုအထိပါကာ ပုံမှန် တစ်ရက်ခရီးတွင်ပင် အသေအပျောက် သုံးကီလိုခန့်ရှိကြောင်း အထက်ပါကဏန်းတင်ပို့ရောင်းချနေသူက ပြောဆိုသည်။
လမ်းကြောင်းပိတ်ဆို့မှုကြောင့် လမ်းတွင် ၃ ရက်ခန့်ကြာသွားပြီး ပုံမှန်ထက် အသေအပျောက်ပိုများကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်သို့ ဒူးရင်းသီးခြင်း ၁၁ သိန်းကျော်ဖိုး တင်ပို့ရာ ကျုံအိတ်တံတား ဖောက်ခွဲခံရမှု၊ နှစ်ဖက်ပစ်ခတ်မှုတို့ကြောင့် လမ်းပိတ် နေသဖြင့် ထားဝယ်ဘက်သို့ ဒူးရင်းသီးခြင်းများ ပြန်ရောက်လာသဖြင့် အရှုံးပေါ်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်က ဒူးရင်းသီးရောင်းဝယ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ပထမတစ်ခေါက်တုန်းကလည်း ၁၀ သိန်းကျော်ဖိုး ဆုံးရှုံးပြီးပြီ။ နေကလည်း ပူတာဆိုတော့ ပုပ်တာနဲ့ ကွဲကုန်တာနဲ့ ဆုံးရှုံးမှု တွေ များတယ်။ မနေ့ကတော့ ပြန်ရောက်လာတဲ့ အသီးတွေကို ဈေးချပြီးပြန်ရောင်းပစ်တာ နှစ်သိန်းရှစ်သောင်းကျော် ပြန်ရ တယ်။ ငွေကြိုယူထားသူတွေကိုလည်း Cancelလုပ်ပြီး ငွေပြန်လွှဲပေးလိုက်တယ်။ နောက်ထပ်တော့ တော်ပြီ၊ ဒူးရင်းသီး ဝယ်မရောင်းတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။
ဒေသထွက်ဒူးရင်းသီးမှာ ပင်ရင်းခြံများတွင် အသေးဆိုဒ် တစ်လုံးကို ကျပ် ၂၀၀၀ မှ ၅၀၀၀ ခန့်အထိရှိပြီး ရန်ကုန်တွင် ကျပ် ၈၀၀၀ ရှိပြီး အလတ်တစ်လုံးလျှင် ၂၅၀၀၀ ကျပ်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ပြန်ရောက်လာသည့် ဒူးရင်းသီးများမှာ ရန်ကုန်ဈေး မရသည့်အပြင် အသွားအပြန် ခရီးစရိတ်များ ဆုံးရှုံးခြင်း၊ နေပူပြင်းမှု ရက်ကြာမှုကြောင့် ကွဲထွက်ခြင်း၊ ပုပ်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုများကြောင်း အထက်ပါအမျိုးသမီး ပြောသည်။
ဧပြီလ ၃၀ ရက်မှ မေလ ၁၁ ရက်အတွင်း တနင်္သာရီ-ဘုတ်ပြင်း ၁၀၂၀ တောင်တိုက်ပွဲနှင့် ပုလော-သရက်ချောင်း ပဲဒက်စခန်း တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။
မြိတ်မှ ရန်ကုန်သို့ ဒူးရင်းသီး တင်ပို့ရောင်းချသည့် ကုန်သည်တစ်ဦးမှာလည်း လမ်းခရီးတွင်ကြန့်ကြာမှုကြောင့် သိန်း ၁၈၀ ဖို့ခန့် ဆုံးရှုံးကြောင်း ကားသမားတစ်ဦးက ပြန်ပြောင်းပြောပြသည်။
“ဒူးရင်းသီးကုန်သည်က ကျွန်တော့်မိတ်ဆွေပဲ။ အခုအချိန်က ဒူးရင်းသီးလှိုင်လှိုင်ပေါချိန်ဆိုတော့ ဒူးရင်းသီးပဲ ကုန်ကူးကြ တာလေ။ ကားတိုင်းမှာ ဒူးရင်းသီးမပါတဲ့ ကားမရှိဘူး။ တခြားကုန်သည်တွေလည်း ဆုံးရှုံးမှုတွေရှိတာပဲ” ဟု ၎င်းက ပြောသည်။
ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦးသေဆုံးပြီး ကားမောင်းသူတစ်ဦးအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် အရေးကြီး ကိစ္စမရှိလျှင် ခရီးမသွားကြရန် လည်း တိုက်တွန်းမှုများ ရှိနေသည်။