ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် ဒေသခံအမျိုးသားသုံးဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး အခြားဒေသခံနှစ်ဦးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုခံခဲ့ရကြောင်း မြို့ခံများထံမှသိရသည်။
ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက မေလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ကျော်ခန့်တွင် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာတွင် ဂိတ်အနီးရှိအရပ်သားအမျိုးသားတစ်ဦးနှင့် ခရီးသွားအမျိုးသားတစ်ဦးတို့ လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရရှိခဲ့ပြီး ခုခံပစ်ခတ်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်းသေဆုံးခဲ့ကြောင်း Dawei Watch ကစုံစမ်းသိရှိရသည်။
ယင်းနောက်လာရောက်ပစ်ခတ်သည့် လမ်းကြောင်းကိုစစ်ကောင်စီတပ်က လိုက်လံရှင်းလင်းစဉ်တွင် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကြောင်း မြို့ခံများကပြောသည်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း လက်နက်ကိုင်တပ်များ ဆုတ်ခွာသည့်လမ်းကြောင်း တစ်လျှောက် ကို ဇဟာရွာအခြေစိုက်အမြောက်တပ်က လိုက်လံပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်သည့်လက်နက်ကြီးမှာ မောင်မယ်ရှောင်ရွာအရှေ့ပိုင်းသို့ကျရောက်ပြီး နေအိမ်နှစ်ဆောင် ထိမှန်ပျက်စီးကာ အသက် ၆၀ အရွယ်ရှိ အမျိုးသားတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အကုန်လုံး ခုနှစ်လုံးကျတယ်။ နေအိမ်တစ်ဆောင်က ဆိုးဆိုးရွားရွားပျက်စီးသွားတယ်။ ခြေထောက်ထိတဲ့သူက ခြေပြတ်သွားပြီလို့ပြောနေကြတယ်”ဟုဒေသခံကပြောသည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်မြို့၏ အဝင်အထွက် ဂိတ်ပေါက်အားလုံးကို မွန့်တည့် ၁ နာရီမှ ညနေ ၅ နာရီအထိပိတ်လိုက်သဖြင့် သောင်းနှင့်ချီသည့် ဒေသခံများ၊ ခရီးသွားများ လေးနာရီခန့် ပိတ်မိနေခဲ့သည်။