BREAKING
September 16, 2024

တိုက်ပွဲများကြားက ကဆုန်ညောင်ရေ

May 14, 2022

တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေကြသည့် ထားဝယ်ဒေသက ညောင်ရေသွန်းပွဲ အခြေအနေက မည်သို့ရှိပါသနည်း။

ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွက်အမြတ်ထားရသည့် ပွဲတော်တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်ကို မွေးဖွားသန့်စင်တော့မူသည့်နေ့ဖြစ်သည့် ဗုဒ္ဓနေ့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုကြောင့် ညောင်ရေသွန်းပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပလေ့ရှိရာ ထားဝယ်ဒေသတွင်း အစည်ကားဆုံးပွဲတော်များအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။

ယခုတော့ ထားဝယ်ဒေသမှာ ညောင်ရေသွန်းပွဲတော် စည်စည်ကားကား မဖြစ်‌သည်မှာ သုံးနှစ်ဆက်တိုက် ရှိလာလေပြီ။

ကိုရိုနာညောင်ရေ

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံနှံ့ကူးစက်ခြင်းကိုကာကွယ်တဲ့အနေနဲ့ ၂၀၂၀ ခုနှစ်မှစပြီး အခြာသော ဘာသာရေး ပွဲတော်များနည်းတူ ညောင်ရေသွန်းပွဲတော်ကိုလည်း အကျဉ်းရုံးပြီး ကျင်းပခဲ့ကြသည်။ ထိုကြောင့် အချို့က ကိုရိုနာညောင်ရေဟု တင်းစာပြောဆိုကြလေသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ညောင်ရေ

၂၀၂၁ ခုနှစ်တွင်မူ စစ်အာဏာရှင် ဆန့်ကျင်ရေးညောင်ရေဟု သမုတ်ပြီး ကဆုန်လပြည့်နေ့တွင် ညောင်ရေအိုးများ ကိုင်ဆောင်ကာဆန္ဒပြပွဲများ ကျေးရွာအချို့တွင် ပြုလုပ်ခဲ့ကြသည်။ ‌

ယခုမှာမူ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မူများ၊ ထိတွေ့တိုက်ပွဲများ‌ကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ စစ်ဘေးရှောင်နေရသည့် ၂၀၂၂ ခုနှစ် ကဆုန်ညောင်ရေသွန်းပွဲတော်ကာလ။

လတ်တလောတွင် ထားဝယ်မြို့နယ် အရှေ့တောနယ်ဖြစ်သည့် ထားဝယ်- ထီးခီးသွားလမ်းပေါ်ရှိ သဗျာ၊ ပကာရီ၊ ကျောက်မဲတောင်နှင့် တောင်သုံးလုံးကျေးရွာတို့တွင် PDF နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

အလားတူ လောင်းလုံးမြို့နယ်ဖက်တွင်လည်း သကျက်တော၊ ညောပြင်ကျေးရွာတို့တွင် နှစ်ဖက်စစ်ရေး တင်းမာလျှက်ရှိပြီး သကျက်တောရဲစခန်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်။

တချိန်တည်းတွင်ပင် သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာဖက်တွင်လည်း ပျူစောထီးအဖွဲ့နှင့် PDF အဖွဲ့တို့ အကြား ပစ်ခတ်မူဖြစ်ပွားခဲ့သည်။

ထားဝယ်မြို့ပေါ်တွင်လည်း ပြောက်ကျားတိုက်ခိုက်၊ ဖောက်ခွဲမူတို့ ရှိနေဆဲဖြစ်သည်။ လတ်တလော နောက်ဆုံး ဖောက်ခွဲတိုက်ခိုက်ခံထားရသည်မှာ မိုင်တဲအရောင်းပြခန်းဖြစ်ပြီး ဧပြီလ ၂၆ ရက်က ဖြစ်ပွားခဲ့သည်။

ယင်းသို့ မတည်ငြိမ်သည့် အခြေအနေကြောင့် ဒေသခံများမှာ ယခုနှစ်ညောင်ရေသွန်းပွဲတော်ကို တခုတ်တရ မကျင်းပကြတော့ချေ။

၂၀၂၂ ညောင်ရေ

ထားဝယ်ဒေသ ညောင်ရေသွန်းပွဲတော်ဟုဆိုလိုက်လျှင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီး၊ ထားဝယ် မြို့နယ် ရှင်မုတ္တီကျေးရွာရှိ ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားနှင့် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ တို့ကို ပြေးမြင်ကြပေလိမ့်မည်။

ယခု ၂၀၂၂ ခုနှစ် ညောင်ရေသွန်းပွဲတော်ကာလ ထားဝယ်မြို့ လောကမာရဇိန်ဘုရားဝင်းအတွင်းမူ ယခင် ၂၀၂၀ ခုနှစ်မတိုင်မီက အချိန်ကကဲ့သို့ မစည်ကားသော်လည်း အတိုင်းအတာတစ်ခုအထိ စည်းကားမူရှိသည်ကို တွေ့ရကြောင်း မြို့ခံအချို့က ပြောသည်။

ယနေ့ ကဆုန်လပြည့်နေ့ (မေ ၁၄) ညနေပိုင်းတွင် လောကမာရဇိန်ဘုရားသွားလမ်းမပေါ်တွင် လမ်းပိတ်ဆို့သည်အထိ ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း ဆိုသည်။

“အရင်တုန်းကလိုမျိုးတော့ မစည်ပေမယ့် ညနေပိုင်းမှာတော့ ဘုရားကြီး (လောကမာရဇိန်ဘုရားကြီး) ထဲမှာ အရမ်းစည်တယ်။ တိုးကြိတ်နေတာပဲ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

၂၀၂၀ မတိုင်ခင်နှစ်များကမူ ညောင်ရေသွန်းပွဲတော်ကာလဆိုပါက လောကမာရဇိန်ဘုရားကြီးတွင် နံနက် ၁၁ နာရီလောက်မှစပြီး ညဦးအချိန်အထိ တိုးကြိတ်နေအောင်စည်ကားလေ့ရှိသည်။

ယခုနှစ်တွင်မူ နံနက်ပိုင်းတလျှောက်လုံး လူနည်းနည်းပါးပါးသာရှိပြီး ညနေပိုင်းရောက်မှ စည်ကားလာကြောင်း မြို့ခံအချို့က ဆိုသည်။

သို့သော် ယင်းနေရာသို့ ညောင်ရေသွန်းလောင်းရန်မသွားရဲသည့် မြို့ခံအချို့လည်းရှိနေသည်။

“မနက်ပိုင်းက ဘုရားထဲမှာ ရဲတွေ စစ်သားတွေ အများကြီးရှိနေတယ်ပြောသံကြားလို့ မသွားတော့ဘူး။ ရှုပ်ရှုပ်ဖြစ်လာမှာကြောက်တယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

နှစ်စဉ် (၂၀၂၀၊ ၂၀၂၁ မပါ) လူပေါင်းထောင်းနှစ်ချီပြီးစည်ကားခဲ့သည့် ‌ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာနှင့် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲနှစ်ခုမှာမူ ယခုနှစ်တွင် ထားဝယ်မြို့နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။

ရှင်မုတ္ထီးကျေးရွာညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပသည့် ကျွဲခတ်ပွဲမှာ ဒေသတွင်းရှိ ရပ်ဝေးရပ်နီးမှ ကလေး၊ လူကြီးများကို အတော်ပင် ဆွဲဆောင်မူရှိခဲ့သည်။

ကျွဲအစစ်နှစ်ကောင် ခတ်ခြင်းကားမဟုတ်။ ကျွဲအရုပ်အတွင်း လူဝင်ပြီးသရုပ်ပြခြင်းသာဖြစ်သည်။ စက္ကပါလကျွဲမင်းဇတ်တော်ထဲတွင်ပါသည့် သားဖြစ်သူက ဖခင်ကျွဲမင်းကြီးအား လိုက်လံလုံး‌ထွေးဝှေ့ခတ်ခြင်းကို သရုပ်ပြခြင်းပင်ဖြစ်သည်။

ယခုနစ်တွင်မူ ယင်းကျွဲခတ်ပွဲ မကျင်းပဖြစ်သည်မှာ သုံးနှစ်ဆက်ဖြစ်နေပြီး ညောင်ရေသွန်းပွဲတော်မှာလည်း ယခင်ကဲ့သို့ မစည်ကားတော့ကြောင်း ဒေသခံအချို့က ပြောသည်။

“တစ်နေ့လုံး ဘရားဖူးလာနေကြတာတော့ရှိတယ်။ အရမ်းနည်းတယ်။ အရင်ကနဲ့စာရင် ဆယ်ပုံတစ်ပုံတောင် မစည်တော့ဘူး။ လူမစည်တော့ ဈေးလည်းမရောင်းကောင်းဘူးပေါ့။ တိုင်ပြည်ကြီး မြန်မြန် ပြန်ကောင်းစေချင်ပြီ” ဟု ရှင်မုတ္ထီးဒေသခံ ဈေးသည်တစ်ဦးက ပြောသည်။

စက္ကပါလကျွဲးမင်းကြီးသားအဖ လုံးထွေးဝှေ့ခတ်သည်ကို အစွဲပြုပြီး (ဆရာကြီးရွှေဝယ်ဧ ရေးသည့် ထားဝယ်ရာဇဝင်သမိုင်းစာအုပ်တွင်ဖော်ပြချက်အရ) လုံးထွေးမှ လောင်းလုံးဖြစ်လာသည်ဆိုသည့် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတော်မှာ ရှင်မုတ္ထီးရွာထက်ပင်ပိုဆိုးနိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ရှင်မုတ္ထီးဘုရားသို့ ရွာနီးစပ်မှဒေသခံများ ဘုရားဖူးလာသူရှိ‌သေးသော်လည်း ယခင် လူထောင်ချီဖြင့် စည်းကားခဲ့သည် ညင်းမော်ရွာညောင်ရေသွန်းပွဲတွင်မူ တစ်နေ့လုံး ခြောက်ကပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

“ကိုယ့်ရွာကလွဲပြီး ဘယ်ရွာကမှ မလာကြဘူး။ ညောင်ရေသွန်းပွဲလည်း မလုပ်တော့တာကို ဘယ်လာကြမလဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ညင်းမော်ညောင်ရေသွန်းပွဲတော်မှာ ဒေသအခေါ် ပွဲဇံလှည့်လှည်ပြသသည့်ဓလေ့ကြောင့် လူစည်ကားခြင်း ဖြစ်သည်။

ပွဲဇံဆိုသည်မှာ ယနေ့ခေတ်အဖြစ်အပျက်များကို ထင်ဟပ်စေသည့် ပြကွက်များကို ဟာသနှော သရုပ်ဖော် တင်ဆက်ခြင်းဖြစ်သည်။

လူကိုယ်တိုင် သရုပ်ဖော်ထားသည့် ယင်းပြကွက်များကို ထော်လာဂျီပေါ်တင်ပြီး ရွာတစ်ပတ်ပတ်ကာ လှည့်လည်ဖျော်ဖြေသည်။ နောက်ဆုံး ညင်းမော်ဘုန်းကြီးကျောင်းရှိ ညောင်ပင်တွင် ညောင်ရေသွန်းလောင်းခြင်းဖြင့် အဆုံးသတ်လေ့ရှိသည်။

သရုပ်ဖော်ပုံတင်ဆက်သည့် ထော်လာဂျီမှာ တစ်နှစ် နှင့်တစ်နှစ် မတူသော်လည်း အနည်ဆုံး အစီးရေနှစ်ဆယ်အထိ ပါဝင်လေ့ရှိသည်။

ထားဝယ်မြို့၊ ရှင်မုတ္ထီး၊ ညင်းမော်ကျေးရွာတို့လောက် မစည်ကားသော်လည်း ကိုယ်ရွာနှင့်ကိုယ်၊ ကိုယ့်နယ်နှင့်ကိုယ် နှစ်တိုင်းကျင်းပခဲ့သည့် ထားဝယ်ဒေသ ညောင်ရေသွန်းပွဲတော်များမှာ ယခုနှစ်တွင် အထူးတလည် စည်းစည်းကားကား မလုပ်ဆောင်ကြတော့ချေ။ အချို့မှာ လုံးဝပင် မကျင်းပကြတော့ပေ။

ယခုနှစ် ‌ထားဝယ်ဒေသ ညောင်ရေသွန်းပွဲတော်မှာ မြို့ပေါ်တွင် အတော်သင့်စည်းကားခဲ့သည်ဟု ဆိုနိုင်သော်လည်း ထားဝယ်ခရိုင်ရှိ နေရာအတော်တော်များများတွင်မူ ခြောက်ကပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ရှင်မုတ်တ္ထီးရွာသူ ဈေးသည်တစ်ဦးကမူ ‌ခေတ်အခြေအနေကို အောက်ပါအတိုင်း ပြောဆိုလေသည်။

“ခေတ်မကောင်းတော့ ညောင်ရေသွန်းပွဲလည်း မကျင်းပဖြစ်တော့ဘူး။ ခေတ်ကောင်းမှပဲ ကျွဲခတ်ပွဲလာကြည့်ကြတော့”