“လုံးဝ အလုပ်ပြန်မဝင်ဘူး။ ကျွန်မတို့ကို သူများဖိအားပေးလို့ လုပ်ထားတာမှ မဟုတ်တာ။ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်တာ”
တနင်္သာရီ ပုံရိပ်များ
နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် လှုပ်ရှားမှုတစ်ခုဖြစ်သော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူများမှာ လက်ရှိကာလ၌ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းနေချိန်တွင် နိုင်ငံရေးမတည်ငြိမ်မှုဆင့်လာသဖြင့် ပြည်တွင်း၌ စီးပွားရေး အလွန်အမင်းကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုများလည်း ဖြစ်ပေါ်လာပြီး CDM များမှာ စားဝတ်နေရေး ပိုမိုခက်ခဲသော အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။
ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်လိုသော်လည်း CDM များ တရားဝင် ပြည်ပထွက်ခွာခွင့် မရှိဖြစ်နေသည်။
ပြည်တွင်း၌ အလုပ်ရှာဖွေရာတွင်လည်း အလုပ်ရှင်အချို့က CDM များကို အလုပ်ခန့်လိုခြင်းမရှိသည်ကို တွေ့ကြုံရသည်ဟုဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး တရားမဝင် လမ်းကြောင်းများမှ သွားရောက်ကြသူ များမှာလည်း လမ်းခရီးတွင် ဖမ်းဆီးခံရခြင်း၊ အထောက်အထားမပြည့်စုံသဖြင့် အလုပ်ရရှိရန် ခက်ခဲခြင်းတို့ ရင်ဆိုင်နေကြရပြန်သည်။
တနင်္သာရီတိုင်း CDM လှုပ်ရှားမှုတွင် အင်ဂျင်နီယာစစ်ကြောင်းနှင့် ပညာရေးစစ်ကြောင်း တို့မှာ အားအကောင်းဆုံးဖြစ်ပြီး အခြေခံပညာဆရာ၊ ဆရာမ ၇၀၀၀ ကျော်အထိ ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။
ယင်းကြောင့် CDM ဆရာ၊ ဆရာမများ ကြုံတွေ့နေရသည့် အလုပ်အကိုင်ရရှိရေး အခက်အခဲများကို Dawei Watch က တွေ့ဆုံမေးမြန်းပြီး ယခုအပတ် တနင်္သာရီပုံရိပ်များ အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။
CDM ဆရာမ (၁)
DW ။ မိသားစု ဘယ်နှစ်ယောက်ရှိလဲ။ CDM လုပ်ပြီးတဲ့နောက်မှာ တခြားဝင်ငွေရှိသေးလား။
ဖြေ ။ အဖေ့ဝင်ငွေပဲ ရှိတယ်။ အလုပ်အကိုင်က ရှားနေတော့ အဖေကလည်း အိမ်ကို ပုံမှန် မပေးနိုင်ဘူးလေ။ မိသားစုခြောက်ယောက် စားဝတ်နေရေးအတွက် အရမ်းခက်ခဲတာပေါ့။
DW ။ CDM လုပ်တာဘယ်လောက်ကြာပြီလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်သွားလဲ။
ဖြေ ။ အခုဆိုတစ်နှစ်နဲ့လေးလ လောက်ရှိပြီပေါ့။ အဓိကကတော့ အာဏာရှင်လက်အောက်မှာ မလုပ်ချင်လို့၊ နောက်ပြီး ခလေးတွေကို ဒါမေးဒါကျက် စနစ်ထဲကလည်း ကယ်ထုတ်ချင်လို့၊ ကျွန်မတို့လည်း အဲဒီစနစ်နဲ့ ကြီးပြင်းလာတဲ့အခါကျတော့ ပညာရေးက သူများနိုင်ငံနဲ့ ရင်ဘောင်တန်းပြီး မသွားနိုင်ဘူးလေ။
DW ။ CDM လုပ်ဖို့ ဆုံးဖြတ်ချိန်မှာ ဘယ်လို အခက်အခဲတွေ ကြုံရလဲ။
ဖြေ ။ ခက်ခဲတာက မိဘကို မတိုင်ပင်ဘူး။ ကိုယ်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်လိုက်တာပေါ့နော်။ မိဘက သိသွားတော့လည်း နားလည်ပေးပါတယ်။ အိမ်ရဲ့ စားစရိတ်အခက်အခဲကို နိုင်ငံခြားက အစ်မက တတ်နိုင်သလောက် ကူပေးတာပေါ့။
DW ။ ဒီတစ်နှစ်ကျော်ကာလမှာ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းနေရသလဲ။
ဖြေ ။ ကျွန်မ ရော်ဘာခြစ်ရတယ်အခု။ အရင်က အမေတို့ပဲ ခြစ်တာပေါ့။ တစ်နေ့ကို တစ်သောင်းလောက် ရပါတယ်။ မိသားစု ခြောက်ယောက်အတွက်တော့ ဝမ်းဝရုံပါပဲ၊ အသုံးစရိတ်လျှော့လိုက်ရတာပေါ့။
DW။ တစ်ခြားအထောက်အပံ့တွေ ရတာရှိသေးလား။
ဖြေ ။ ထောက်ပံ့မှုကတော့ မရှိသလောက်ပါပဲ။ ကျွန်မ (လောင်းလုံးမြိုနယ် ပညာရေးဘုတ်အဖွဲ့(ယာယီ) မှာ) အုပ်စုမှူး လုပ်တဲ့အချိန်ကတော့ စည်းဝေးတက်လို့ရအောင်ဆိုပြီး ငါးသောင်းကျပ် ပညာရေးဘုတ်အဖွဲ့က ပေးတာတော့ရှိတယ်။ အဲဒီတစ်ခုပါပဲ။
DW ။ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ တရားဝင်သွားမရဘူးလို့ ကြားရတယ်။ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိလား။
ဖြေ။ ရှိတာပေါ့။ ဒါပေမဲ့တရားဝင်လမ်းကတော့ သွားလို့မရဘူး။ တရားမဝင်လမ်းကြောင်းကပဲ သွားလို့ရမယ်။ ဘာလို့လဲဆို ကျွန်မတို့က ၅၀၅ ထုတ်ခံထားရတဲ့သူတွေ မဟုတ်ဘူး။ ဒါပေမဲ့ မှတ်ပုံတင်မှာက ဝန်ထမ်းပညာရေးဆိုပြီး ပါနေလို့ တရားဝင်လမ်းကြောင်းကသွားရင် အဖမ်းခံရနိုင်တယ်လေ။
DW ။ ပြည်တွင်းမှာရော တခြားအလုပ်တွေ လျှောက်ခဲ့ဖူးလား။ ဘာတွေအခက်အခဲကြုံရလဲ။
ဖြေ ။ အလုပ်လုပ်ဖို့ ဆိုင်တစ်ဆိုင်မှာ သွားမေးဖူးတယ်။ CDM တွေဆို အရှုပ်အရှင်းမကင်းလို့ လက်မခံဘူးလို့ ပြောလိုက်တယ်။ ကျွန်မတို့ကိုခန့်ရင် တစ်ယောက်ယောက်ကများ တိုင်တာပြုတာရှိရင် ဆိုင်ရှင်တွေအနေနဲ့ ဖြေရှင်းနေရမှာစိုးလို့ မခန့်တာ။ လက်မခံချင်ဘူးပေါ့။
DW။ အလုပ်ရှင်ကအလုပ်မခန့်တာ CDM တွေအပေါ်ခွဲခြားဆက်ဆံတဲ့အပေါ်မှာ ဘယ်လို ပြောချင်လဲ။
ဖြေ ။ သူတို့ဖက်ကိုလည်း ကိုယ်ချင်းစာပါတယ်။ နားလည်းနားလည်ပေးပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ၅၀၅ ထုတ်ပြီး ဝရမ်းထုတ်ခံထားရတာလဲမဟုတ်ဘူး။ အလုပ်လောက်ကတော့ ပေးသင့်ပါတယ်။
DW ။ တစ်နှစ်ကျော်ဆိုတဲ့ကာလမှာ စားဝတ်နေရေး ဘယ်လိုခက်ခဲတွေကြုံနေရပြီလဲ။
ဖြေ ။ အခက်က အများကြီး အကြွေးတွေနဲ့ပေါ့။ အမကလည်း အမြဲတမ်းမထောက်ပံ့နိုင်ဘူးလေ။ ရှိတာ ရောင်းချလိုက်ရတယ်။ ဆိုင်ကယ် ရောင်းလိုက်ရတယ်။ ရှိတဲ့ ရွှေလည်းရောင်းလိုက်ရတယ်။ ဘာမှမရှိတော့ဘူး။
DW ။ CDM လုပ်ပြီးတဲ့အခြေနေနဲ့ မလုပ်ခင်ကအခြေနေ ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ ။ လူမှုရေးတွေကစ ကွာသွားတယ်။ သူငယ်ချင်းတွေကအစ အခုချိန်အတူသွားဖို့တောင် စိုးရိမ်လာကြတယ်။ ကျွန်မတို့က ဝင်ငွေမရှိတော့ သူတို့မခေါ်ကြတော့ဘူးလေ။ အရင်က လစာရနေတဲ့အခါကျတော့ မရှိရင်ချေးငှားလို့ ရသေးတယ်။ အခုက မချေးချင်ကြတော့ဘူး။ လူမှုရေးပိုင်းတွေမှာ ပျက်ကွက်မှုတွေရှိလာတယ်။ မင်္ဂလာဆောင်ပဲဖြစ်ဖြစ်၊ သာရေးနာရေးပဲဖြစ်ဖြစ် ဝင်ငွေကမရှိတော့ သွားဖို့မဖြစ်နိုင်တော့ဘူး။ တစ်ကိုယ်ရေ အသုံးဆောင်ပစ္စည်းတွေ အနေနဲ့ဆို ဆပ်ပြာတစ်တောင့်ကစ မဝယ်နိုင်ဘူး။ အရင်က အလှကုန်ပစ္စည်းတစ်ခု ဝယ်ချင်ဝယ်လို့ရတယ်လေ။ အခုက အဲဒီပစ္စည်းတွေဝယ်မယ့်အစား ဆန်၊ ဆီ၊ ဆားတွေဖက် ရောက်သွားတာပေါ့။ ကုန်ဈေးနှုန်းတွေကလည်း မြင့်သထက်မြင့်လာတော့ စားဖို့အတွက်ပဲ အဓိကဖြစ်လာရတာပေါ့။
DW ။ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ ခွဲခြားဆက်ဆံခံရတဲ့အပေါ် ဘယ်လို ခံစားခဲ့ရလဲ။
ဖြေ ။ ဝမ်းနည်းတာပေါ့။ ကိုယ်ကအပြစ်သားလည်း မဟုတ်ဘူးလေ။ ကျွန်မတို့အပေါ် နားလည်ပေးစေချင်ပါတယ်။
DW ။ တစ်ခြားဖြည့်စွက်ပြောချင်တာဘာများရှိလဲ။
ဖြေ ။ လူတွေက ကျွန်မတို့နဲ့ ပေါင်းရမှာ အတူသွားရမှာတောင် ကြောက်နေကြတယ်။ ကျွန်မတို့နဲ့အတူ မသွားချင်ကြဘူး။ ကျွန်မတို့ အမှားမလုပ်ထားဘူးလေ။ မကြောက်ပါနဲ့လို့ ပြောချင်တယ်။ CDM လုပ်ပါလုပ်ပါလို့ ပြောခဲ့တာလေ။ ပြည်သူတွေပါပဲလေ။ ကျွန်မတို့ကိုတောင် ကာကွယ်ပေးရမယ် မဟုတ်ဘူးလား။
DW ။ ဒီလိုခက်ခဲတွေ ဖိအားတွေ အဖက်ဖက်ကများလာရင် CDM ကို စွန့်လွှတ်ဖို့ ရှိလား။
ဖြေ။ ဟင်… လုံးဝမစွန့်လွှတ်ဘူး။ ကျွန်မကို လာဖမ်းရင်တောင် အဆင်သင့်ပဲ။ ပြေးမလွတ်လို့ အဖမ်းခံရပြီး အလုပ်ပြန်ဝင်ဖို့ ဖိအားပေးခံရရင်တောင် လုံးဝ အလုပ်ပြန်မဝင်ဘူး။ ကျွန်မတို့ကို သူများဖိအားပေးလို့ လုပ်ထားတာမှ မဟုတ်တာ။ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်တာပဲလေ။
DW ။ ဒါဆိုလက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ။
ဖြေ ။ အခက်အခဲကတော့ ဒီလိုပဲရတဲ့နည်းနဲ့ ဖြေရှင်းတာပေါ့။ ကျွန်မတို့မှာ ခွန်အားရှိသေးတယ်။ ရော်ဘာလုပ်ဆို ရော်ဘာလုပ်မယ်။ သစ်ပင်စိုက်ဆို သစ်ပင်စိုက်မယ်။ တစ်လ ဆယ်သိန်း၊ သိန်းနှစ်ဆယ် ပေးမယ်ဆိုရင်တောင် အာဏာရှင်လက်အောက်မှာ လုံးဝ အလုပ်မဝင်ဘူး။ အဲဒီပိုက်ဆံက ချမ်းသာသွားမှာလား ကြောက်ကြောက်လန့်လန့်နဲ့ လုံးဝမလုပ်နိုင်ဘူး။
“အမှန်တရားဖက်က ရပ်တည်တယ်ဆိုတဲ့အခါကျတော့ တစ်နေ့ကျ ဆင်ပြေမှာပါ”
CDMကျောင်းဆရာမ (၂)
DW ။ CDM လုပ်ထားတာဘယ်လောက်ကြာပြီလဲ။
ဖြေ ။ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက အခုဆိုရင် တစ်နှစ်နဲ့လေးလရှိပြီ။
DW။ အဲဒီကာလအတွင်းမှာ အထောက်အပံ့ ရတာရှိသလား။
ဖြေ ။ တစ်ခါရဖူးတယ်။ ငါးသောင်း ကျွန်မက Home based Learning (HBL) နေအိမ်အခြေပြု သင်ကြားခြင်းမှာ စာသင်နေတယ်ဆိုတော့ အဲဒီကနေ နှစ်လတစ်ခါ ဖုန်းဘေ တွေ ထောက်ပံ့ပေးတာမျိုးတွေတော့ ရှိတယ်။
DW ။ ပြည်ပမှာ အလုပ်ထွက်လုပ်ဖို့ရည်ရွယ်ထားတာများရှိလား။
ဖြေ ။ ထွက်ချင်တာပေါ့။ အဖေကလေဖြတ်ထားတယ်။ အဖေတစ်ယောက်တည်း ဘယ်လိုထားခဲ့ရမလဲ။
DW ။ တစ်နှစ်ကျော်ဆိုတဲ့ကာလမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ ။ ခက်ခဲတာကတော့ အများကြီးပေါ့။ ကျွန်မ single mother လည်းဖြစ်တယ်။ စားဝတ်နေရေးအတွက် ခက်ခဲတာပေါ့။ ဆရာမအလုပ်ကလွဲပြီး တခြားအလုပ်လည်း မလုပ်တတ်ဘူး။ ဆယ်ရှစ်နှစ် အရွယ်ကတည်းက ဒီအလုပ်ပဲ လုပ်လာတာဆိုတော့ အခုကတော့ အဝတ်ချုပ်တဲ့ အလုပ်ကို လုပ်ပြီး ဝင်ငွေရှာနေရတာပေါ့။ အစကတော့ ကိုယ်ပိုင်ဝင်ငွေရှိတာ ကိုယ်တစ်ယောက် အတွက်တော့ မိဘအိမ်မှာပဲ နေတဲ့အခါကျတော့ ဆင်ပြေသေးတာပေါ့။ အခုက ကိုယ်လုပ်မှ ကိုယ်စားရတဲ့ အခြေနေဖြစ်နေတာပေါ့လေ။ တခြားအလုပ်လည်း ထွက်လုပ်ဖို့ဆင်မပြေဘူးလေ။ ကျွန်မမှာက အဖေက ကျန်းမရေးမကောင်းတော့ အဝတ်ချုပ်တဲ့အလုပ်လုပ်ပြီးတော့ မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတာပေါ့။
DW ။ တစ်ခြားအလုပ်တွေရောလျှောက်ခဲ့ဖူးလား။ ဘယ်လိုအခက်အခဲကြုံရလဲ။
ဖြေ ။ လျှောက်ဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ အလုပ်လျှောက်လွှာတွေမှာက ရဲစခန်း ထောက်ခံစာ တွေ လိုတယ်လို့ပြောတော့ ကျွန်မတို့ မှတ်ပုံတင်မှာက ဝန်ထမ်း ပညာရေး အဲဒီလိုမျိုးပါနေတဲ့အခါကျတော့ ရဲစခန်းကို မသွားချင်တာရယ်။ ဖမ်းဆီးတာတွေကို ကြောက်တာရယ်နဲ့ တစ်ခါမှ မလျှောက်လိုက်ရဘူး။ အရင်က အိမ်တွေမှာ လိုက်စစ်တယ်။ မှတ်ပုံတင်ဆိုရင် ဝှက်ထားရတဲ့ အခြေနေတောင်ရှိခဲ့ပါတယ်။
DW ။ ကလေးရှိတယ်လို့သိရတယ်။ ဆိုတော့ ကလေးရဲ့ အနာဂတ်ကို စိုးရိမ်နေတာရှိလား။
ဖြေ ။ ဘယ်လိုပြောရမလည်း စိုးရိမ်တာပေါ့။ စာမတတ်မှာ သူများတွေက ပြောကြလိမ့်မယ်။ ကိုယ့်သားသမီး ကိုယ်တိုင် စာသင်ပေးပါလားလို့ ပြောကြတယ်။ ကိုယ်တိုင်သင်ဖို့ကျတော့ ခက်တယ်လေ။
DW ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။
ဖြေ ။ အားလုံးကခက်ခဲနေကြတာပါ။ ပုံမှန်ဝင်ငွေ ရှိနေရာကနေ ရပ်တန့်သွားကြတယ်လေ။ ဒါပေမဲ့လည်း အမှန်တရားဖက်က ရပ်တည်တယ်ဆိုတဲ့အခါကျတော့ တစ်နေ့ကျ ဆင်ပြေမှာပါဆိုတဲ့ အတွေးနဲ့ပဲ ရပ်တည်ပေးပြီး တောင့်ထားပေးကြပါပေါ့။ စိတ်ဓာတ်မကျကြနဲ့လို့ ပြောချင်ပါတယ်။
မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။ သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch က ဒေသခံများကို မေးမြန်း၍ အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။