ငလျင်ဘေးကြောင့် အပျော်အပါး၊ သီဆိုကခုန်ခြင်းများမပါဝင်ဘဲ ကျင်းပမည်ဟု စစ်ကောင်စီက အသံကောင်းဟစ်ထားထားသော်လည်း ကော့သောင်းသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကိုမူ သီဆိုကခုန်မှုများဖြင့် ဖွင့်လှစ်ခဲ့သည်။
ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ကော့သောင်းမြို့ စစ်ကောင်စီဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပခဲ့ပြီး ယင်းဖွင့်ပွဲတွင် ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအကအဖွဲ့များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။
“အရင်နှစ်တွေကအတိုင်းပဲ ရပ်ကွက်လိုင်း အကဖွဲ့တွေ ဝင်ပြိုင်ပြီး ဆုပေးတယ်။ (ဗဟို)မဏ္ဍပ်ပေါ်မှာရော၊ စင်အောက်မှာပါ အကအဖွဲ့တွေ သင်္ကြန်သီချင်းနဲ့ရော၊ မြန်မာသံစဉ်သီချင်းတွေနဲ့ ကနေကြတာပဲ” ဟု မြို့ခံတစ်ဦးကဆိုသည်။
သင်္ကြန်မကျခင် ဧပြီလ ၁၁ ရက်နေ့ကလည်း ရပ်ကွက်သင်္ကြန်အကဖွဲ့များက ယိင်းအကများဖြင့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကပြခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။
ပြင်းထန်ငလျင်ဘေးကြောင့် ယခုနှစ်သင်္ကြန်ကို အပျော်အပါး၊ သီဆို၊ အကအခုန်များမပါဝင်ဘဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီလ ၃ ရက်နေ့ကတည်းက ထုတ်ပြန်ထားသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သင်္ကြန်ကာလအတွင်း သောက်စားမူးရစ်ရမ်းကားခြင်း၊ အသံချဲ့စက်ဖွင့်ခြင်း၊ မဏ္ဍပ်ထိုးကခုန်ခြင်းများ မပြုလုပ်ရန် အထူးတားမြစ်ကြောင်း ဧပြီလ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သတိပေးထားသည်။
တားမြစ်ထားသည့်ကိစ္စများကို ပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း နှစ်စဉ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပလေ့ရှိပြီး တနင်္သာရီတိုင်းထဲတွင် သင်္ကြန်ပွဲကို အစည်းကားဆုံးကျင်းပသည့် မြို့တစ်မြို့ဖြစ်သည်။
ယမန်နှစ်ကမူ ကော့သောင်းသင်္ကြန်တွင် အဆိုတော်များဖြင့် စတိတ်ရှိုးပွဲကိုပင် ထည့်သွင်းကျင်းပခဲ့သေးသည်။