တနင်္သာရီ- မြိတ် ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသူများမှာ တစ်လကျော်ကြာလာပြီဖြစ်သော်လည်း အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
မတ်လ ၇ ရက်နေ့က ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် ပဝရွာဘက်ပို့မည့် ကုန်ပစ္စည်းများပါသည်ဟုဆိုကာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကုန်ကားကိုပါ စစ်ကောင်စီတပ်သားများက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“သူတို့ကိုဖမ်းပြီးနောက် မြိတ်ကိုခေါ်ဆောင်သွားတယ်။ သူတို့မိသားစုဝင်တွေ မြိတ်ကိုလိုက်သွားကြပေမယ့် အခြေအနေ ဘာမှ မသိရဘူး။အခုချိန်အထိလည်း အဆက်အသွယ်မရသေးဘူး” ဟု မိသားစုနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။။
ထို့အပြင် မတ်လ ၂၇ရက်နေ့က ဇဝဲရွာမှ ကားတစ်စီးနှင့်အမျိုးသားနှစ်ဦး၊အမျိုးသမီးကြီးတစ်ဦးကို ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခဲ့ရာ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း အသက် ၂၂ နှစ်အရွယ် ဇဝဲရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။
”ဖမ်းသွားတဲ့ကားက သူ့ညီမကား ဆိုတော့ ချိတ်ဆက်ပြီး လိုက်ထုတ်တယ် မရဘူး။ လူတွေရော စုံစမ်းပြီး ဆက်သွယ်တာ မရဘူး။ သူတို့နဲ့လည်း ပေးမတွေ့ဘူး။ အခုဆို ဆက်သွယ်လို့တောင်မရတော့ဘူး” ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရသူများ၏ မိသားစုများက နီးစပ်ရာစုံစမ်းပြီး ဆက်သွယ်သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသည့်အပြင် ၎င်းတို့၏အခြေအနေကိုလည်း မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။
ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးလျက်ရှိပြီး စစ်ကောင်စီက တင်ပို့ခွင့်ပိတ်ထားသည့် ကုန်ပစ္စည်းများကို တင်ဆောင်လာပါက ဖမ်းဆီးလေ့ရှိကြောင်း ကုန်ကားမောင်းသူများထံမှ သိရသည်။
စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ဆန်၊ ဆေးဝါး၊ သံချောင်း၊ မီးသီး၊ ကော်စေ့၊ ကော်ရေပိုက်လုံး စသည့် ကုန်ပစ္စည်းများတင်ဆောင်ခြင်းကို ပိတ်ပင်ကန့်သတ်ထားသည်။
မတ်လ ၂၈ ရက်နေ့ကလည်း ဇဝဲကျေးရွာဘုရားပွဲတွင် အလှူလုပ်ရန် ဆန်အပါအဝင် ပစ္စည်းဝယ်ပြီးအပြန်တွင် ဆန် ၄ အိတ်ပါသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဘန်းလမွတ်ရွာနေ အသက် ၂၉ နှစ်အရွယ် ကိုနိုင်လင်းကို စစ်ကောင်စီကဖမ်းဆီးခဲ့ရာ ၎င်း၏ နောက်ဆက်တွဲအခြေအနေကိုလည်း မသိရသေးပေ။