ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကျေးရွာ၊ သိမ်တောင်ကုန်းပေါ်ရှိ ပျူစောထီးအထိုင်စခန်းကို ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီစခန်းက ရှိတာကြာပြီဗျ။ အာဏာသိမ်းပြီး စစ်ကောင်စီတပ်တွေက ပျူစောထီးတွေ ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်းဖြစ်လာတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမှာ ၂၅ မိနစ်ခန့် ကြာခဲ့ပြီး ပျူစောထီးဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော်လည်း ပကဖ ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ကျွဲခရံကျေးရွာအုပ်စုကို ဖုန်းလိုင်းဖြတ်ချလိုက်သဖြင့် ပျူစောထီးများ၏ ထိခိုက်သေဆုံးမှုအခြေအနေ အတိအကျကို မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက ဝန်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို မကြာခဏစစ်ကြောင်း ထိုးနေကြောင်း ဒေသခံများကဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ်အတွင်းအင်အားဖြည့်စစ်ကြောင်းထိုးနေသဖြင့် ဧပြီလ ၅ ရက်နေ့ကစပြီး မြစ်ချောင်းအချို့တွက် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ သွားလာခြင်းမလုပ်ရန် ကျွန်းစု ပကဖ က သတိပေးချက် ထုတ်ပြန်ထားသည်။