BREAKING
April 15, 2025

ကွမ်းသီးနုရာသီအဖွင့်ဈေး ယမန်နှစ်ထက် စျေးထက်ဝက်ကျ

April 14, 2025

ဘုတ်ပြင်း၊တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် ကွမ်းသီးနုရာသီအဖွင့်ဈေးမှာ ယမန်နှစ်ထက် ထက်ဝက်ခန့် ကျဆင်းလာကြောင်း ကွမ်းသီး‌တောင်သူများနှင့် ကွမ်းသီးနုအဝယ်ဒိုင်အချို့ထံမှသိရသည်။

ယမန်နှစ်က ရာသီဖွင့်ချိန်က ကွမ်းသီးနုတစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရှိရာက ယခုနှစ်တွင် ကျပ်လေးထောင်ကျော်သာ ပေါက်ဈေးရှိနေကြောင်း ကွမ်းသီနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပဝယ်လက်မရှိသလောက် နည်းပါးသွားသဖြင့် ဈေးနှုန်းလည်းကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ကွမ်းသီးနုအဝယ်ဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“မနှစ်က တရုတ်ဘက်က အဝယ်လိုက်တာများတဲ့အတွက် ကွမ်းသီးနုဈေး တော်တော်ကောင်းသွားတယ် ။ဒီနှစ်ကျတော့ ထင်သလိုမဖြစ်မလာဘူး။ ဈေးသိပ်မခေါ်ရဲကြဘူးဖြစ်နေတယ်။ နိုင်ငံခြားဝယ်လက်တွေလည်း သိပ်မရှိဘူးကြားတယ်”ဟု ၎င်းက ပြောသည်။

ကွမ်းသီးပင်များမှာ ဧပြီလတွင် ကွမ်းသီးနုစထွက်ပြီး ဇွန်လခန့်တွင် ကွမ်းသီးနုပေါများလေ့ရှိကာ အောက်တိုဘာလခန့်တွင် ကွမ်းသီးရင့်မှည့်လာလေ့ရှိသည်။

ပြီးခဲ့သည့်နှစ် ကွမ်းသီးနုရာသီက ဈေးကောင်းရသဖြင့် ဒေသခံတောင်သူများ အဆင်ပြေခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။

“အနုဈေး ပိုကောင်းလာမယ်မျှော်လင့်ထားတာ။‌ အခြေအနေတွေ မအေးချမ်းတော့ ကွမ်းသီးနု ဈေးကောင်းရချင်တာ”ဟု ၎င်းက ပြောသည်။

လက်ရှိမှာ နယ်မြေမအေးချမ်းခြင်းကြောင့် ကွမ်းသီးနုခူးဆွတ်ရောင်းသူများလာသည့်အတွက် ဈေးကျလာခြင်းလည်းဖြစ်နိုင်သည်ဟု ကွမ်းစိုက်တောင်သူတချို့က ပြောဆိုကြသည်။

လက်ရှိတွင် ကွမ်းသီးအမှည့်လည်း ထွက်နေသေးပြီး တစ်လုံးလျှင် ကျပ် နှစ်ရာကျော်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း၊ အဝယ်ဒိုင်များက ကွမ်းခြံအရောက် လာရောက်ဝယ်ယူနေကြကြောင်း အဆိုပါ ကွမ်းသီးစိုက်တောင်သူက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကွမ်းသီးပင်များကို စီးပွားဖြစ် စိုက်ပျိုးထားကြပြီး လက်ရှိတွင် ကွမ်းသီးအနုကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများက ဝယ်ယူကြသည့်အတွက် ကွမ်းသီးနု ဈေးကွက်တစ်ခု ပေါ်လာခြင်းဖြစ်သည်။