BREAKING
April 15, 2025

ဘုတ်ပြင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စားသောက်ကုန်တင်သွင်းခွင့် ပိတ်လိုက်၍ ဈေးတက်

April 14, 2025

စစ်ကောင်စီတပ်က ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုရှိ ကျေးရွာအချို့ကို စားသောက်ကုန်တင်သွင်းခွင့် ပိတ်ပင်ကန့်သတ်လိုက်သဖြင့် ဓာတ်ဆီ၊ ဆန်နှင့် စားသောက်ကုန်များ ဈေးတက်သွားကြောင်း ဒေသခံများထံမှသိရသည်။

ဧပြီလဆန်းပိုင်းမှစကာ ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင် မြိတ်မြို့မှ ဘုတ်ပြင်းမြို့နယ်သို့သွားရာ လမ်းပိုင်းရှိ အခြားစစ်‌ကောင်စီစစ်ဆေးရေးဂိတ်များက အဆိုပါကျေးရွာအုပ်စုသို့ သွားမည့်ကုန်တင်ကားများကို သွားလာခွင့်ကန့်သတ် လိုက်ခြင်းဖြစ်သည်။

“လမ်းကမပိတ်ဘူး။ကုန်ပစ္စည်းတင်တဲ့ ကားတွေမှာ စားသောက်ကုန်တွေတင်ခွင့်မပေးတာ။ ရွာဘက်တွေကို ရိက္ခာပြတ်အောင်လုပ်တာ။ ဆန်ဆိုတစ်အိတ်တောင်တင်မရဘူး ဖမ်းတယ်။ ဓာတ်ဆီတွေလည်း တင်မရဘူး”ဟု မနိုးရုံးကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဂိတ်များက ကုန်တင်ကားများ သွားလာခွင့်မကန့်သတ်မီ ဓာတ်ဆီ (တစ်လီတာဝင်ဆံ့သည့် ရေသန့်ဘူးခွံဖြင့်ထည့်ထား) တစ်ဘူးကို ငွေကျပ်လေးထောင်ဝန်းကျင်သာရှိရာက လက်ရှိတွင် ကျပ်ခုနစ်ထောင်အထိ ဈေးတက်လာ‌ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ကျပ်သုံးထောင်ဝန်းကျင်ဈေးရှိသည့် ဆန်တစ်ပြည်လျှင် ကျပ်ခြောက်ထောင်အထိတက်သွားပြီး ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် သုံးထောင်ဝန်းကျင်မှ ရှစ်ထောင်ဝန်းကျင်အထိ ဈေးမြောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ရေလမ်းနဲ့လည်းသယ်ခွင့် မပေးဘူး။လေညာ ပြည်ကြီးမဏ္ဍိုင်ဘက်တွေဆို ကားနဲ့နည်းနည်းပါးပါး သယ်လို့ရသေးတယ်။ ကျွန်မတို့ရွာကိုတော့ လုံးဝတင်သွင်းခွင့်မပေးဘူး။ အဆင်ပြေတဲ့သူတွေက ဝယ်စုထားကြလို့ ဈေးတွေလည်း တအားတက်နေပြီ”ဟု မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ငယ်ကျေးရွာကို စားသောက်ကုန်တင်သွင်းခွင့် ကန့်သတ်ထားပြီး ထိုကဲ့သို့ ကန့်သတ်လိုက်သည့် အကြောင်းအရင်းကိုလည်း မသိကြကြောင်း ရွာသားများက ဆိုသည်။

မြိတ်-ဘုတ်ပြင်း လမ်းပိုင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ဘုတ်ပြင်းမြို့နယ်သို့ စားသောက်ကုန်တင်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ဆေးမှုများဆက်တိုက်လုပ်ဆောင်နေသဖြင့် ကုန်ကားသမားများ မတင်ဆောင်ရဲတော့ကြောင်း ကားသမားအချို့ထံက သိရသည်။