BREAKING
April 15, 2025

ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် ထိုင်းနိုင်ငံရေးပွတ်တိုက်မှုများ

April 14, 2025

ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း သဘောထားတင်းမာသည့် အုပ်စုများ ထွက်ပေါ်လာသည်။

အထူးသဖြင့် ထိုင်းနိုင်ငံအတွင်း လူဦးရေအများဆုံး ရွှေ့ပြောင်းအုပ်စုဟု ဆိုနိုင်သည့် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်မှ ထွက်ခွာကာ ထိုင်းနိုင်ငံသို့ ရောက်လာသူများကား ထိုသဘောထားတင်းမာသူများ၏ ပစ်မှတ်ဖြစ်လာနေသည်။

ထိုင်းနိုင်ငံအတွင်းရှိ မတူသော နိုင်ငံရေးအုပ်စုများအကြား အားပြိုင်ပွတ်တိုက်မှုများတွင် မြန်မာရွှေ့ပြောင်းအုပ်စုမှာယင်းတို့၏ နိုင်ငံရေးကစားကွင်းထဲရောက်လာခဲ့သည်။

ရွှေ့ပြောင်းများအပေါ် ပစ်မှတ်ထား၍ နိုင်ငံရေးအမြတ်ထုတ်ခြင်း နှင့် ပြဿနာများစွာ၏ လက်သည်အဖြစ် ရွှေ့ပြောင်းအုပ်စုများကို ပုံဖော်ခြင်းကား ကမ္ဘာ့နိုင်ငံရေးတွင်လည်း ပြန်လည်ခေတ်စားလာနေသည်။ အမေရိကန်သည် ဒေါ်နယ်ထရမ့်တက်လာပြီးနောက်ပိုင်း ရွှေ့ပြောင်းများကို အကြောင်းမျိုးစုံဖြင့် ရမည်ရှာကာ တိုင်းပြည်မှနှင်ထုတ်သည်။

ဗြိတိန်သည်လည်းကောင်း၊ အခြားသောနိုင်ငံအချို့လည်းကောင်း ရွှေ့ပြောင်းလာသူ များကို ပြန်ပို့ခြင်း၊ စောင့်ကြည့်ထိန်းချုပ်ခြင်း၊ လူဝင်မှုဆိုင်ရာစည်းကမ်းဥပဒေများတင်းကျပ်ခြင်း အစရှိသည့် လုပ်ဆောင်များကို နိုင်ငံရေးပန်းတိုင်တစ်ခုအသွင်လုပ်ဆောင်လာနေကြသည်။

ထိုင်းနိုင်ငံရှိ သဘောထား တင်းမာသူ အုပ်စုမှာလည်း ရွှေ့ပြောင်းလာသူများကို ပစ်မှတ်ထားကာ နိုင်ငံရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ် ပြုလုပ်လာနေသည်ကိုတွေ့ရသည်။

မြန်မာရွှေ့ပြောင်းအုပ်စုမှာ လူဦးရေများသဖြင့် ပစ်မှတ်ထားခံရမှုများသော်လည်း အခြားသော ရွှေ့ပြောင်းဝင်လာသူအုပ်စုအချို့လည်း ပစ်မှတ်ထားခံရသည်ခဲ့သာဓကများရှိသည်။ ဥပမာ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ပိုင်မြို့ တွင် အစ္စရေးလူမျိုး များစွာစုဝေးနေသည်ကို အကြောင်းပြု၍ ချဲ့ကား ပုံဖျက်သော သတင်းများစွာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သဖြင့် အစိုးရက ကိုင်တွယ်ခဲ့ရသည်။

ထိုအတူပင် ထိုင်းနိုင်ငံအတွင်းသို့ ရောက်လာသော တရုတ်လူမျိုးအချို့နှင့် ပတ်သက်၍လည်း ကောလာဟလများ နှင့် သတင်းအမှား၊ စွပ်စွဲမှုများ လူမှုကွန်ရက်များတွင်ပျံ့နှံ့နေခဲ့သည်။ နှစ်များစွာ ထိန်းသိမ်းထားသော ဝီဂါများကို တရုတ်ပြည်သို့ ပြန်ပို့ လိုက်သည့် ကိစ္စနောက်တွင်လည်း ရွှေ့ပြောင်းများကို ပြည်နှင်ဖို့ ဆော်ဩမှုများကျယ်လောင်နေခဲ့သည်။

ထိုသို့ ရွှေ့ပြောင်းများအပေါ် သဘောထားတင်းမာသည်အုပ်စုသည် လူထုကိုစည်းရုံးခြင်းနှင့် အစိုးရကို နိုင်ငံရေး အရ ဖိအားပေးရာတွင်အောက်ပါ အကြောင်းပြချက်များကို သုံးလေ့ရှိသည်ဟုဆိုသည်။

ထိုင်းနိုင်ငံရှိ သဘောထား တင်းမာသူ အုပ်စုမှာလည်း ရွှေ့ပြောင်းလာသူများကို ပစ်မှတ်ထားကာ နိုင်ငံရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ် ပြုလုပ်လာနေသည်ကိုတွေ့ရသည်။ ရွှေ့ပြောင်းများအပေါ် သဘောထားတင်းမာသည်အုပ်စုသည် လူထုကိုစည်းရုံးခြင်းနှင့် အစိုးရကို နိုင်ငံရေး အရ ဖိအားပေးရာတွင်အောက်ပါ အကြောင်းပြချက်များကို သုံးလေ့ရှိသည်ဟုဆိုသည်။

နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး

ရွှေ့ပြောင်းလာသူများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးကြီးသာ ဖြစ်သည်ဟုဆိုသည်။

တရားမဝင် ဝင်ရောက်လာသူများသဖြင့်လည်းကောင်း၊ အခြားသော အပြုအမူ၊ အနေအထိုင်နှင့် ယဉ်ကျေးမှုမတူခြင်းကြောင့်လည်းကောင်း၊ အစိုးရအနေနှင့် ပြည်သူ့အခွန်ဘဏ္ဍာမှ ယင်းတို့အတွက် ကုန်ကျစရိတ်များ ကျခံနေရခြင်း၊ ပြဿနာပေါင်းစုံရှင်းနေရခြင်း၊ ထိုအုပ်စုများသည် ပြည်သူများကို ရန်သတ္တရု ပြုသည်များရှိခြင်း၊ ရိုင်းပြစော်ကားခြင်းများနှင့်အခြားသော လူမှုရေး ပဋိပက္ခများရှိလာခြင်းတို့ကြောင့် ထိုရွှေ့ပြောင်းများမှာ နိုင်ငံတော်အတွက် လူထုအတွက် အကျိုးမရှိ၊ ဝန်ထုပ်ဝန်ပိုး ဒုက္ခအိုးကြီးသာ ဖြစ်သည်ဟု ရွှေ့ပြောင်းအရေး သဘောထားတင်းမာသူအချို့က စွပ်စွဲမှုများရှိသည်။

အချို့ကမူ ရွှေ့ပြောင်းများကို နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ်လည်း ရှုမြင်ကြောင်းဆိုသည်။

အလုပ်များလုယူခံရခြင်း

ရွှေ့ပြောင်းအလုပ်သမားများက နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို လုယူနေကြသည်ဟုလည်း ဆိုလာကြသည်။ ထိုရွှေ့ပြောင်းများကြောင့် ထိုင်းနိုင်ငံသားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေပြီး နိုင်ငံသားများအတွက်သာဟု သတ်မှတ်ထားသော အလုပ်တွင်လည်း ထိုရွှေ့ပြောင်းများက တရားလက်လွတ် ဝင်လုပ်နေကြသည်ဟု ထောက်ပြသည်။

ထို့ကြောင့် နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်ရန် ရွှေ့ပြောင်းများကို တင်းကျပ်စွာကိုင်တွယ်ခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်း၊ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း ပြုရမည်ဟု ဆိုသူများရှိသည်။

လူဦးရေတိုးလာသော ရွှေ့ပြောင်းများ

ထိုင်းနိုင်ငံ၏ လူဦးရေတိုးတက်နှုန်းမှာ နှေးနေသည်။ တနည်းဆိုရလျှင် မွေးနှုန်းကျနေသည်။ လူဦးရေ ကျဆင်းလာပြီး အသက်အရွယ်ကြီးသူများ၏ အချိုးက များလာသည်။ ဤအခြေအနေတွင် ပြည်ပမှ ဝင်လာသူ ရွှေ့ပြောင်းများက တိုးလာနေသည်။

ရွှေ့ပြောင်းကလေးများကလည်း ထုနှင့်ဒေး။ ထိုင်းနိုင်ငံသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြကာ နိုင်ငံအတွင်း ကိုယ်ဝန်ဆောင်၊ မီးဖွား ၍ ရွှေ့ပြောင်းလူဦးရေကလည်း တိုးလာနေသည်။ တချို့သော ဒေသတွင် ထိုင်းနိုင်ငံသားများထက် ရွှေ့ပြောင်း လူဦးရေက များလာနေသည်။

ထိုများစွာသော ရွှေ့ပြောင်းများကို ကိုင်တွယ်နေရသော ဆေးရုံကဲ့သို့သော ကျန်းမာရေးဌာနများတွင် လူနာနှင့် ဝန်ထမ်း မမျှသော ပြဿနာနှင့် ရွှေ့ပြောင်းများနှင့်ဆက်စပ်၍ လူမှုရေးဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာအချို့လည်းပေါ်လာနေသည်။

ထိုကဲ့သို့သော အရပ်မျိုးတွင်နေထိုင်သော နိုင်ငံသားများအဖို့ ရွှေ့ပြောင်းများအပေါ်တွင် အမြင်တစ်မျိုးဖြစ်လာခြင်း၊ တိုးလာသော ရွှေ့ပြောင်းလူဦးရေအပေါ် စိုးစိတ်ကလေးများ ဝင်လာခြင်း မျိုးလည်း ရှိနေသည်။ နိုင်ငံရေးသမားတချို့ကလည်း ဤအချက်ကိုကိုင်၍ ရွှေ့ပြောင်းများအပေါ် ပစ်မှတ်ထားသော မူများဖြင့် စည်းရုံးရေးဆင်းနေသည်များလည်း ရှိသည်။

ထိုင်းတွေတောင်အဆင်မပြေကြသေးတာ၊ နိုင်ငံခြားသားတွေကိုဘာလို့ကူမှာလဲ

အချို့သောသူများက ရွှေ့ပြောင်းအရေးကူနေသောအုပ်စုများနှင့် အစိုးရကို စကားနာထိုးသည်။ အဆင်မပြေကြသော ထိုင်းနိုင်ငံသားများစွာရှိနေသေးသည်ကို အလေးထား၍ အလျင်ဖြေရှင်းရန် ပြောသည်။

ထိုသို့ အဆင်မပြေ ဖြစ်နေကြသော ဒုက္ခရောက်နေကြသော ကိုယ့်လူမျိုးများစွာရှိပါလျက် ရွှေ့ပြောင်းလာသော နိုင်ငံခြားသားများ ကို အဘယ်ကြောင့် ကူညီရပါအံ့နည်းဟု မေးခွန်းထုတ်ကြသည်။

ရွှေ့ပြောင်းများအတွက် သုံးနေရသော၊ လုပ်နေရသော အရာများကိုသာ ကိုယ့်နိုင်ငံသားများအတွက် လုပ်ဆောင်ပေးလျှင် အကျိုးမည်မျှ ဖြစ်ထွန်းမည်နည်းဟုလည်း စဉ်းစားချက်မျိုးရှိသည်။

တရားမဝင် ရွှေ့ပြောင်းလာခြင်း

ဤအချက်မှာ ရွှေ့ပြောင်းအရေးသဘောထားတင်းမာသည်အုပ်စုက အမြဲလိုလိုသုံးသော အကြောင်းပြချက် ဖြစ်သည်။ အထောက်အထားမဲ့ ဝင်ရောက်လာသူများမှာ ဥပဒေအရ တရားမဝင် ခိုးဝင်လာသူများ ဖြစ်ခြင်းကြောင့် ထိုသူများကို ဥပဒေကြောင်းအရ အပြစ်ပေးရန်၊ နှင်ထုတ်ရန်ဖြစ်သည်ဟု ထောက်ပြသည်။

လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်သော ရာဇဝတ်သားများ ဖြစ်ခြင်းကြောင့် ရာဇဝတ်သားကဲ့သို့သာ ဆက်ဆံရန် တွန်းအားပေးမှု မျိုးဖြစ်သည်။ ရာဇဝတ်မှုချိုးဖောက်သည်ကို မျက်ကွယ်ပြုကာ တရားဝင်ဖြစ်အောင် လုပ်ပေးနေသည်မှာလည်း မဖြစ်သင့်ဟု ထောက်ပြမှုမျိုးလည်း ဖြစ်သည်။

ထိုအချက်မှာ အထူးသဖြင့် မြန်မာပြည်မှ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာရသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အတွက် အလွန်သတိချပ်ရမည့် အချက်ဖြစ်သည်။

မြန်မာရွှေ့ပြောင်းများအတွက်ပေးထားချက်

နိုင်ငံအချို့မှ ရွှေ့ပြောင်းအုပ်စုအမျိုးမျိုးရှိသော်လည်း လူဦးရေအားဖြင့် များသော မြန်မာရွှေ့ပြောင်းအုပ်စုများ အတွက်ကား အခြားသော အုပ်စုများနှင့် မတူသော ပေးထားချက်အချို့ရှိနေသည်။ ဤသည်ကား သဘောထား တင်းမာသူအချို့ က ပြန်လည် အစဖော်လာသော အတိတ်ပဒေသရာဇ်သမိုင်းမှ ကျူးကျော်မှုများဖြစ်သည်။

အချို့သော သူများက သမိုင်းဖြစ်ရပ်အချို့ကို အခြေပြုကာ လူမျိုးရေးမုန်းတီးမှုများဖြစ်အောင် ဝါဒဖြန့်ခြင်း၊ သတင်းတု၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်ခြင်းမျိုးပြုလုပ်ကာ နိုင်ငံရေးတွင် အသုံးချနေသည်ဟု လေ့လာသူများက ဆိုသည်။

မြန်မာ ရွှေ့ပြောင်းများကို အခြေပြု၍ အာဏာရ အုပ်စုများနှင့် အတိုက်ခံအကြား၊ အခြားသော သဘောထား တင်းမာသည့် အုပ်စုများအကြား အငြင်းပွားမှု၊ နိုင်ငံရေးအရထိုးနှက်မှု၊ အမြတ်ထုတ်မှုများလည်းရှိနေသည်။
ဖျက်သိမ်းခံလိုက်ရသော Move Forward ပါတီကို အသစ်ပြန်ဖွဲ့လိုက်သည့် People’s Party ကိုလည်း Burmese People’s Party ဟု သမုတ်ကာ နိုင်ငံရေးထိုးနှက်မှုမျိုးလည်းရှိနေသည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ကူညီလုပ်ဆောင်သဖြင့် ကင်ပွန်းတပ်ခံရခြင်းမျိုးဖြစ်သည်။

သို့ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံသားများ နှင့် သူတို့၏ အဖွဲ့အစည်းများ၊ မြန်မာပြည်သူများအပေါ်စာနာနားလည်သော ထိုင်းနိုင်ငံသားများ၊ လူ့အခွင့်အရေးကို တန်ဖိုးထား၍ လေးစားလိုက်နာကာ ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းအုပ်စုများ၏ အခွင့်အရေးကို ဆောင်ရွက်ပေးနေသော နိုင်ငံရေးသမားများ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများလည်း များစွာရှိသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းများစွာလည်း ရှိနေပြီး မြန်မာလုပ်သားများကို နှစ်သက်သော အလုပ်ရှင်များလည်းရှိနေသည်။ ထိုသူများ၊ အဖွဲ့များကလည်း မြန်မာရွှေ့ပြောင်းအရေး တတ်စွမ်းသမျှ ကူနေကြသည်။

သဘောထားတင်းမာသည့် အုပ်စု၏ စွပ်စွဲချက်များ၊ သတင်းတု သတင်းမှား နှင့် ဝါဒ ဖြန့်ခြင်းများကို အချက်အလက်နှင့် စနစ်တကျ တုံ့ပြန် နေကြသည်။

တစ်ဖက်တွင်လည်း ရွှေ့ပြောင်းများကို ပစ်မှတ်ထားသော သဘောထားတင်းမာသည့်အုပ်စုက လည်း ရွှေ့ပြောင်း လုပ်သားများကို ပိုမိုစောင့်ကြည့်လာနေသည်။ တိုင်တန်းမှုများ၊ လူမှုကွန်ရက်တွင် သတင်းဖြန့်ခြင်းများ၊ ဆန္ဒပြ ကန့်ကွက်ခြင်းများ ရှိလာနေသည်။

ထို့ကြောင့်ပင် ယခုအခါ ယခင်က နားလည်မှုဖြင့် အဆင်ပြေခဲ့သော အရာများသည် ယခုအခါတွင် တရားဝင်လုပ်ရန်ပင် ခက်ခဲလာသော အခြေအနေမျိုးလည်း ကြုံလာကြရသည်။ နေရေးထိုင်ရေး ကလေးပညာရေးအခြေအနေများကျပ်လာနေကြသည်။

မြန်မာကလေးငယ်များကို စာသင်ကြားပေးခြင်းနှင့် ဆက်စပ်သော စစ်ဆေးမှုများ တိုးလာနေသည်။ အဖမ်းခံရကာ မြန်မာပြည်ပြန်ပို့ခံရသဖြင့် စကစ(စစ်ကောင်စီ)၏ စစ်သားစုဆောင်းရေးထဲ ပါသွားသူတွေရှိလာနေသည်။ ထိုင်းတွင်အခြေအနေများကျပ်လာနေသော်လည်း မြန်မာပြည်သို့ ပြန်ရန် အခြေအနေမပေးသော မြန်မာရွှေ့ပြောင်းအများစုအတွက်ကား ကြုံရသမျှကို ခါးစည်းခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မျှော်လင့်ချက်သိပ်မရှိလှသေးပေ။

ဏော်မာညိမ်း

Ref: Discussion of Ajan Sirada Khemanitthathai, Faculty of Political Science and Public Administration, Chiang Mai University, shared at the seminar on “Public Perceptions in Thai Society Toward Migrant Workers and Refugee from Myanmar: Limitations and Challenges to Law and Policy Advocacy in Thailand”. 8th April 2025.