မဟာသင်္ကြန်အကျနေ့(ဧပြီ ၁၄) မနက်ပိုင်း ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မြို့ပေါ်ရပ်ကွက်များတွင် ရေကစားသူမရှိ တိတ်ဆိတ်နေသည်။
ပုံမှန်နေ့များကဲ့သို့ပင် စျေးသည်၊ စျေးဝယ်များနှင့် လမ်းသွားလမ်းလာများသာ လှုပ်ရှားသွားလာနေကြသည်။
လမ်းမတန်းရပ်ကွက်များ၌ ရေကစားသူမရှိ၊ ရွာအစွန်ရပ်ကွက် အချို့တွင်မူ ရေကစားသည့် ကလေးငယ်တစ်ယောက်စ၊ နှစ်ယောက်စတော့ တွေ့မြင်နေရသည်။
ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည့်ကံပေါက်တွင် သင်္ကြန်အကျနေ့သို့ပင် ရောက်နေပြီဖြစ်သော်လည်း မဏ္ဍပ်တစ်ခုမျှ မတွေ့ရသေးပေ။
ယခင်က ကံပေါက်သင်္ကြန်မှာ ယခုကဲ့သို့မဟုတ် ဗိုလ်ချုပ်လမ်း စိန်ပုံနှိပ်တိုက် အရှေ့တွင် မဟာသင်္ကြန်မဏ္ဍပ်မှာ နှစ်စဉ်ရှိခဲ့ပြီး ရပ်ကွက်အလိုက် ယိမ်းပြိုင်ပွဲများကျင်းပခဲ့သည်။
ဘုန်းကြီးကျောင်းများကလည်း ဒိုးပတ်အဖွဲ့ ၊ သံချပ်အဖွဲ့ ၊ အကအဖွဲ့ များ နှင့် စူစကာပုဏ္ဏားကဲ့သို့ဝတ်ဆင်ပြီး သရုပ်ဖော်သူများ ဖြင့် အလှူခံထွက်ကြသည်။ အခြားကျေးရွာအုပ်များမှာလည်း ရွာအဝင်ဇရပ်များ၌ အုန်းလက်ရေပက် မဏ္ဍပ်အကြီးများပြုလုပ်ကာ ရေပက်ကစားကြသည်။
ယခုနှစ်တွင်တော့ ရေကစားသူမရှိ တိတ်ဆိတ်နေသည့် ကံပေါက်သင်္ကြန်ကိုသာ တွေ့မြင်ရမည်ဖြစ်သည်။








