BREAKING
March 14, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

March 14, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ

မြောက်ကိုးရီးယားက ပဲ့ထိန်းဒုံးများ ပစ်ခတ်

မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၀ ရက်နေ့မှာ ပဲ့ထိန်းဒုံးကျည်တော်တော်များများကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်တဲ့နေ့မှာပဲ မြောက်ကိုရီးယားက ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

မြောက်ကိုရီးယားက ဒီနှစ်အတွင်း ဒုံးကျည်စမ်းသပ်တာ ၅ ကြိမ်အထိ ရှိနေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့အချိန် မြောက်ပိုင်းက မြို့ထဲကို ဗုံးမှားကြဲမိလို့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်နားထားရာကနေ မတ်လ ၁၀ ရက်နေ့မှာ ပြန်စတင်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားကတော့ ဒီလိုစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်ရန်စမှုဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref: Aljazeera

………………………………..

ပါကစ္စတန်မှာ ရထားတစ်စီး ပြန်ပေးဆွဲ တိုက်ခိုက်ခံရ

ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်ထဲက ရထားတစ်စီး မတ်လ ၁၁ ရက်နေ့က အကြမ်းဖက်ပြန်ပေးဆွဲခံရပြီး တိုက်ခိုက်ခံရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ရထားမောင်းသူအပါအဝင် ၅၀ ကျော် သေဆုံးခဲ့တာပါ။

ရထားတိုက်ခိုက်ခံရချိန်က လှိုင်ခေါင်းထဲဖြစ်နေလို့ ပိတ်မိနေတဲ့ ခရီးသည် ၃၀၀ နီးပါးကို ကယ်တင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဘလူချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့ BLA ကတော့ သူတို့တိုက်ခိုက်တာဖြစ်တယ်လို့ ကြေညာထားပါတယ်။

နောက်ထပ် ဓါးစာခံများစွာကို ဖမ်းဆီးထားတယ်လို့ ကြေညာထားပြီး ဖမ်းဆီးထားသူတွေက ပါကစ္စတန်လုံခြုံရေးနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

ခရီးသည် ၄၄၀ လောက်လိုက်ပါလာတဲ့ ရထားဟာ ဗုံးခွဲတိုက်ခိုက်ခံရပြီး လက်နက်ကိုင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ခံရတာဖြစ်ပါတယ်။

Ref: BBC

………………………………..

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC ဖမ်းဆီး

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်းဆီးလိုက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ထိန်းသိမ်းထားတယ်လို့ မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေးမှာ အရေးယူဆောင်ရွက်ခဲ့တာတွေက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ICC က စွပ်စွဲပြီး ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့တာပါ။

ဟောင်ကောင်ကနေ ဖိလစ်ပိုင်ကိုပြန်လာတဲ့ ဒူတာတေးကို မနီလာလေဆိပ်မှာ ဖိလစ်ပိုင် အာဏာပိုင်တွေက မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

ဒူတာတေးက ရုံးတင်စစ်ဆေးပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် ထောင်ဒဏ်တသက်တကျွန်း အထိ အမြင့်ဆုံးပြစ်ဒဏ်ကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Ref: BBC

………………………………..

အမေရိကန်မှာ ဘတ်ဂျက်လိုငွေပြမှု စံချိန်တင်မြင့်တက်နေ

၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လထဲ အစိုးရ အသုံးစရိတ်လိုငွေပြမှု ဒေါ်လာ ၁ ဒသမ ၁၄၇ ထရီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတတာဝန်ယူအပြီး တလအတွင်း ဒေါ်လာ ၃၀၇ ဘီလီယံလိုငွေပြမှုလည်း ပါဝင်နေတာပါ။

အမေရိကန်မှာ ဘဏ္ဍာနှစ်စတင်တဲ့ ၂၀၂၄ ‌အောက်တိုဘာကနေ ၂၀၂၅ ဖေဖော်ဝါရီလထဲ လိုငွေပြမှုဟာ စံချိန်တင် ကျော်သွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ယခင်စံချိန်က ကိုဗစ်ကာလဖြစ်တဲ့ ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ ဖေဖော်ဝါရီလ ဘဏ္ဍာနှစ်က ဒေါ်လာ ၁ ဒသမ ၀၄၇ ထရီလီယံဖြစ်ပါတယ်။

ဘဏ္ဍာရေး စစ်ဆေးရေးကော်မတီအဖွဲ့ကတော့ အခုဘဏ္ဍာနှစ်အတွင်း အစိုးရသုံးနေတဲ့ အသုံးစရိတ်က တစ်နေ့ကို ၈ ဘီလီယံလောက်ရှိတယ်လို့ ထောက်ပြနေပါတယ်။

Ref: REUTERS

………………………………..

ဂျပန်က နိုင်ငံခြားဆန်တင်ပို့မှု ၈ ဆတိုးဖို့ ရည်ရွယ်

ဂျပန်နိုင်ငံက နိုင်ငံခြားကို ဆန်တင်ပို့မှု ၂၀၃၀ ခုနှစ် မတိုင်ခင်မှာ ၈ ဆတိုးနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ပြည်တွင်းမှာ ဆန်လိုအပ်ချက်ရှိပေမဲ့ နိုင်ငံခြားတင်ပို့မှု တိုးနိုင်အောင်ကြိုးစားသွားမယ်လို့ ဆိုတာပါ။

ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၆၀ အတွင်း ခေါက်ဆွဲနဲ့ ပေါင်မုန့် စတဲ့ အစားအစာတွေကို ပြောင်းလဲစားသုံးလာကြတဲ့အတွက် ထမင်းစားသုံးမှု ထက်ဝက်ကျော်လောက် ကျဆင်းသွားခဲ့တယ်လို့ ပြောပါတယ်။

ဒါကြောင့်နိုင်ငံခြားကို ဆန်တင်ပို့မှု တိုးမြှင့်နိုင်ဖို့နဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ပိုမိုထိရောက်အောင်လုပ်မယ့် ရေရှည်စီမံကိန်းကို ချမှတ်ထားတာ ဖြစ်ပါတယ်။

၂၀၃၀ ခုနှစ်မှာတော့ ဆန်တန်ချိန် ၃ သိန်းခွဲတင်ပို့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ လယ်ယာစိုက်ပျိုးရေးဘက်က ပြောပါတယ်။

Ref: asahi

………………………………..

အမေရိကန်က ဥပရောကို အရက်ခွန် ၂၀၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ခြိမ်းခြောက်

ဥရောပသမဂ္ဂကနေ ဝိုင်၊ ရှန်ပိန်နဲ့ တခြားအရက်တွေ တင်သွင်းမှုကို အခွန် ၂၀၀ ရာခိုင်နှုန်း တိုးကောက်ခံမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အမေရိကန်ဝီစကီ တင်သွင်းမှုကို ဥရောပသမဂ္ဂ နိုင်ငံတွေက အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံတာဟာ အတော်ဆိုးဝါးတယ်လို့ ပြောဆိုခဲ့တာပါ။

အီးယူရဲ့ အခွန်အကောက်ဌာန တာဝန်ရှိသူတွေဟာ အမေရိကန်ကို စီးပွားရေးအရ အသာစီးရဖို့ လုပ်ဆောင်နေတယ်လို့ သမ္မတက ပြောပါတယ်။

နှစ်ဖက်နိုင်ငံတွေတော့ အခွန်တွေ တိုးကောက်နေပြီး ကုန်သွယ်စစ်အတွက် လှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အလူမီနီယံ၊ သံမဏိနဲ့ ကားတင်သွင်းတဲ့အချိန် အခွန်တိုးကောက်မှာကို ပြန်ပြင်ဆင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Ref: AP

………………………………..

အီတလီမှာ ငလျင်ကြောင့် ပြည်သူတွေ လမ်းပေါ်ထွက်အိပ်

အီတလီနိုင်ငံတောင်ပိုင်းမှာ မြေငလျင် ဆက်တိုက်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးတွေ လှုပ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့လို့ ဒေသခံတွေက လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။

မတ်လ ၁၃ ရက်နေ့က ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။

နောက်ပိုင်း ငလျင်ငယ်တွေ ဆက်တိုက် အဆက်မပြတ် လှုပ်ခတ်ခဲ့လို့ ဒေသခံတွေအကြား စိုးရိမ်မှုတွေ ပိုမြင့်လာခဲ့တာဖြစ်ပါတယ်။

နေပယ်လ်စ်မြို့နဲ့ အနီးအနားမြို့တွေမှ ဒေသခံတွေက ငလျင်ကြောင့် လမ်းတွေပေါ်မှာပဲ တစ်ညတာ ကုန်ဆုံးခဲ့ကြပြီး လူသေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

Ref: CNN

………………………………..

သီရိလင်္ကာမှာ ဆရာဝန်အမျိုးသမီးတစ်ဦး လိင်စော်ကားခံရမှုကြောင့် ဆရာဝန်တွေ သပိတ်မှောက်

သီရိလင်္ကာနိုင်ငံက သင်ကြားရေးဆေးရုံမှာ အမျိုးသမီး ဆရာဝန်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကြောင့် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အစိုးရဆရာဝန်တွေကနေ မတ် ၁၂ ရက်နေ့က တစ်ရက်တာ သပိတ်မှောက်ခဲ့ကြပါတယ်။

အမျိုးသမီးဆရာဝန်တစ်ဦး တာဝန်ချိန်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်ဆိုတဲ့ သတင်းကြားတော့ တစ်နိုင်ငံလုံး ထိတ်လန့်ရပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ဆရာဝန်များအသင်းက ဆိုပါတယ်။

ဆေးရုံဝင်းထဲမှာပဲ သူ့ရဲ့ဆေးဘက်ဆိုင်ရာ တာဝန်တွေ ထမ်းဆောင်နေချိန် မတ်လ ၁၀ ရက်နေ့က ဖြစ်ခဲ့တာပါ။

သပိတ်မှောက်နေချိန် အရေးပေါ်လူနာတွေအတွက် စောင့်ရှောက်မှု သေချာရရှိစေဖို့ လိုအပ်တဲ့ စီမံမှုတွေကို ဆောင်ရွက်ထားခဲ့တယ်လို့ ဆရာဝန်များအသင်းဘက်က ဆိုပါတယ်။

Ref: Arab News

………………………………..