BREAKING
March 14, 2025

ဆီးရီးယား ယာယီအခြေခံဥပဒေသစ်ကို သမ္မတ လက်မှတ်ရေးထိုး

March 14, 2025

ပုံစာ - ဆီးရီးယား ယာယီအခြေခံဥပဒေသစ်ကို လက်မှတ်ထိုးနေသည့် ကြားကာလ သမ္မတ အာမက်အယ်လ်ရှာရာ။ ဓာတ်ပုံ - Bakr ALKASEM / AFP

ဆီးရီးယားနိုင်ငံ၏ ယာယီအခြေခံဥပဒေကို လက်ရှိကြားကာလသမ္မတဖြစ်သူ အာမက်အယ်လ်ရှာရာက ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်အစိုးရကို အာမက်အယ်လ်ရှာရာ ဦးဆောင်သည့် သူပုန်အဖွဲ့များက ဖြုတ်ချနိုင်ခဲ့ပြီးနောက် သုံးလအကြာတွင် အဆိုပါ ယာယီအခြေခံဥပဒေသစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းယာယီအခြေခံဥပဒေမှာ ကြားကာလ ငါးနှစ်တာအတွင်း အာဏာအသက်ဝင်မည်ဟု သိရသည်။

ယာယီအခြေခံဥပဒေသစ်ကို လက်မှတ်ရေးထိုးပြီးနောက် ကြားကာလသမ္မတ အာမက်အယ်လ်ရှာရာက “ဖိနှိပ်မှုကို တရားမျှတမှုဖြင့် အစားထိုးနိုင်မည့် ဆီးရီးယားသမိုင်းသစ်တစ်ခု”ကို ရေးထိုးနိုင်ပြီဟု မျှော်လင့်ကြောင်း ပြောသည်။

ယာယီအခြေခံဥပဒေသစ်တွင် ယခင်အခြေခံဥပဒေဟောင်းမှ ပြဌာန်းချက်အချို့လည်း ပါဝင်လျက် ရှိသည်။ ယင်းတို့မှာ နိုင်ငံတော်အကြီးအကဲသည် မူဆလင်တစ်ဦး ဖြစ်ရမည် ၊ အစ္စလာမ္မစ်ဥပဒေကို တရားစီရင်ရေးစနစ်၏ အဓိကရေသောက်မြစ် ဖြစ်ရမည်ဟူသည့် အချက်တို့ အပါအဝင် ဖြစ်သည်ဟု ယာယီအခြေခံဥပဒေသစ် မူကြမ်းရေးဆွဲရေးကော်မတီဝင်တစ်ဦးဖြစ်သူ Abdulhamid al-Awak က ဆိုသည်။

ယာယီအခြေခံဥပဒေသစ်တွင် နိုင်ငံ့အကြီးအကဲ၏ ဘာသာရေးနှင့် ပတ်သက်သည့် ပြဌာန်းချက် ထည့်သွင်းမှုမှာ အငြင်းပွားစရာ ပြဿနာတစ်ခုအဖြစ် ရှိခဲ့သည်ဟု Al Jazeera သတင်းဌာနက ဖော်ပြသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ၊ မီဒီယာလွတ်လပ်ခွင့် ၊ နိုင်ငံရေးနှင့် လူမှုစီးပွားကဏ္ဍများတွင် အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် ပြဌာန်းချက်များလည်း ထည့်သွင်းထားသည်ဟု သိရသည်။ ယင်းမှာ နိုင်ငံရေးတည်ငြိမ်မှုမရသေးသည့် ဆီးရီးယားတွင် လူမှုလုံခြုံရေးနှင့် လွတ်လပ်ခွင့်အကြား မျှခြေထိန်းထားသည့်သဘောဖြစ်သည်ဟု al-Awak က ဆိုသည်။

ယာယီအခြေခံဥပဒေသစ်ပါ ပြဌာန်းချက်တော်တော်များများမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေးအတွက် ဦးတည်ရေးဆွဲထားကြောင်း ၊ အာဆတ်အစိုးရလက်ထက်က ကျူးလွန်ခဲ့သည့် ပြစ်မှုများကို တရားစီရင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြဿနာများကို လျှင်လျှင်မြန်မြန် အရေးယူဖြေရှင်းနိုင်ရန် ရည်ရွယ်၍ အုပ်ချုပ်ရေးအာဏာကို သမ္မတတစ်ဦးတည်းထံတွင်သာ ကန့်သတ်ထားရှိသည်ဟု al-Awak က ဆိုသည်။

ရွေးကောက်ပွဲများ မကျင်းပနိုင်ခင် အချိန်အထိ ဥပဒေပြဌာန်းရေးကိစ္စရပ်အားလုံးကို ပြည်သူ့ညီလာခံက တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းညီလာခံ၏ အဖွဲ့ဝင်သုံးပုံတစ်ပုံကို သမ္မတက ရွေးချယ်ခန့်အပ်သွားမည် ဖြစ်သည်။ သမ္မတ၏ ပြောစကားအရ ယင်းကာလမှာ လေးနှစ် သို့မဟုတ် ငါးနှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

သမ္မတကို ပြည်သူ့ညီလာခံက ဖြုတ်ချနိုင်ခွင့် ရှိသော်လည်း ညီလာခံအဖွဲ့ဝင်တော်တော်များများကို သမ္မတကိုယ်တိုင် တိုက်ရိုက်ခန့်အပ်ထားသောကြောင့် ယင်းသို့ လုပ်ဆောင်နိုင်ရန်မှာ လက်တွေ့အားဖြင့် အင်မတန် ခက်ခဲကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။

အမြဲတမ်းအခြေခံဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် မူကြမ်းရေးဆွဲရေး ကော်မတီသစ်တစ်ခုကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပေါ်ပေါက်လာမည့် အမြဲတမ်းအခြေခံဥပဒေသစ်တွင် ဆီးရီးယား၏ နိုင်ငံရေး ၊ ဘာသာရေးနှင့် လူမျိုးစု အုပ်စုကွဲအသီးသီးအတွက် နိုင်ငံရေးအရ ပိုမိုပါဝင်ခွင့် ရရှိလာမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

Source: Al Jazeera