တနင်္သာရီမြို့နယ်၊ ပဝနှင့် လယ်သစ်ကျေးရွာကို စစ်ကောင်စီက ကုန်စည်သယ်ဆောင်ခွင့်ပိတ်ပင်ကန့်သတ်လိုက်သဖြင့် စားသုံးဆီ အပါအဝင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းရှိသည် စစ်ဆေးရေးဂိတ်က ပြီးခဲ့သည့် မတ်၇ရက် မှ စတင်ကာ ကုန်ကားများ သွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။
ထို့ကြောင့် အဆိုပါကျေးရွာများတွင် စားသုံးဆီအပါအဝင် အထွေထွေကုန်ဈေးနှုန်း ထိုးတက်လာကြောင်း ဒေသခံများက ဆိုသည်။
ကားလမ်းမပိတ်မီက စားသုံးဆီတစ်ဘူးလျှင် ၈၅၀၀ကျပ်သာ စျေးရှိရာက လက်ရှိတွင် ၁၁၀၀၀ ကျပ်အထိ ဈေးတက်သွား ကြောင်း ဒေသခံများက ပြောဆိုသည်။
”ကျွန်တော်တို့က တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ရတဲ့ငွေက နှစ်သောင်းကျော်ကျော်လေးနဲ့။ ဆီတစ်ဘူး အဲဒီစျေး ဖြစ်နေရင် ဘယ်လိုလုပ်ကိုင်စားသောက်ရမှန်း မသိတော့ဘူး” ဟု ကြိမ်လုပ်သားတစ်ဦးဖြစ်သည့် လယ်သစ်ရွာသား အသက်၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ကားလမ်းပိတ်ပြီး သုံးရက်ခန့်အကြာတွင် စားသုံးဆီစျေး ထပ်တက်မည် သတင်းများထွက်ပေါ်သဖြင့် ရွာရှိကုန်စုံဆိုင် များတွင် အလုအယက်ဝယ်ယူကြရာ ပြတ်လုနီးပါးဖြစ်သွားကြောင်း ဒေသခံအချို့က ဆိုသည်။
အခြားစားသောက်ကုန်များဖြစ်သည့် ဆန်၊ ကြက်သွန်နီ စသည့် မီးဖိုချောင်ကုန်များအပြင် ဝက်သားလည်း ဈေးတက် လာကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က ဆန်တစ်ပြည်လျှင် ၄၅၀၀ ကျပ်သာ ရှိရာက လက်ရှိအချိန်တွင် ကျပ် ၅၀၀၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ကျပ်၆၀၀၀အထိလည်းကောင်း၊ ဝက်သားတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်မှ ကျပ် ၃၀၀၀၀ အထိ ဈေးတက် သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
”စျေးတက်တော့ တော်တော်ပင်ပန်း (ခက်ခဲ) သွားတယ်။ မဝယ်ရင်လည်း ကျွန်တော်တို့ စားဖို့မရှိဘူး။ စျေးတက်လာလည်း ဝယ်စားကြရတာပဲ” ဟု အသက်၂၅နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လယ်သစ်ရွာ၊ ပဝရွာတို့သည် မြိတ်မြို့နှင့် ကုန်းလမ်း ရေလမ်းခရီးပေါက်သော်လည်း လမ်းကြောင်းနှစ်ခုစလုံးကို စစ်ကောင်စီတပ်က ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
လမ်းပိတ်သည့်အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
လယ်သစ်ရွာသည် တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်တွင်တည်ရှိပြီး ပြီးခဲ့သည့်နှစ်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်။