BREAKING
March 14, 2025

ထားဝယ်တွင် လှေဝင်ချိန် ရွာပြန်သည့် လူငယ်သုံးဦး စစ်မှုထမ်းစုဆောင်းခံရ

March 14, 2025

ပုံစာ - ထားဝယ်မြို့ ၊ ကမြောကင်းတံတားဖက် သွားလမ်းတစ်နေရာ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့တွင် ငါးဖမ်းလှေဝင်၍ ရွာပြန်လာသည့် လူငယ်အမျိုးသားသုံးဦးသည် စစ်မှုထမ်းစုဆောင်းခံရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မတ်လ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ထားဝယ်မြို့၌ ငါးဖမ်းလှေဝင်၍ အလုပ်သိမ်းပြီး အိမ်ပြန်ချိန် ကမြောကင်းတံတား အနီး စစ်ဆေးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဖမ်းတယ်ဆိုတာပဲသိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရဘူး။ လိုက်သွားတဲ့အချိန်မှာလည်း ကားပေါ်တင်ပြီး ခေါ်သွားကြတယ်” ဟု ၎င်းက ပြောဆိုသည်။

အသက် ၁၉နှစ်အရွယ် လူငယ်သုံးဦးမှာ လောင်းလုံးမြို့နယ် မောင်းမကန်ရွာသားများဖြစ်ပြီး တစ်လှေတည်းအတူ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် သတင်းကြားရပြီးနောက် မိသားစုဝင်များက ထားဝယ်မြို့သို့ လိုက်ပါသွားရာ ထားဝယ်မြို့ စုပေါင်းရုံးတွင် ခေါ်ယူထားသည်ကို တွေ့ရှိသော်လည်း လူချင်းတွေ့ခွင့် မရခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

“ဖမ်းသွားတဲ့နေ့က ညနေ ၆ နာရီလောက်မှာ ဖုန်းလာတယ်။ မျိုးမျိုး (ဖမ်းဆီးခံရတဲ့အထဲက လူငယ်တစ်ဦး) က သုံးလ (စစ်မှုထမ်း) သင်တန်းတက်ရမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် စစ်မှုထမ်းပါသွားတယ်ဆိုတာ သိရတာ” ဟု ကိုမျိုးမျိုး မိသားစု၏ပြောဆိုချက်ကို ကိုးကားကာ နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းနောက် ယနေ့ မတ်လ ၁၄ ရက်အထိ နောက်ထပ် အဆက်အသွယ် မရသည့်အတွက်ကြောင့် မိသားစုဝင်များက စိတ်ပူနေကြကြောင်း မိသားစုနဲ့ နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များသည် DDPC စျေးဝယ်စင်တာအနီးရှိ ကမြောကင်းတံတားဟောင်းအနီးတွင် ခရီးသွားဒေသခံများကို မကြာခဏဆိုသလို ရှောင်တခင်စစ်ဆေးလေ့ရှိကြောင်း ခရီးသွားဒေသခံများထံမှ သိရှိရသည်။

ယင်းအပြင် မတ်လ ၁၁ရက်ကစပြီး ကမြောကင်းတံတားစစ်ဆေးရေးဂိတ်၌လည်း စစ်ကောင်စီတပ်သားများက သံသယ ရှိသည့် ခရီးသွားပြည်သူများကို ရှောင်တခင်ခေါ်ယူကာ မှတ်ပုံတင်၊ နေရပ်လိပ်စာများကို Tablet အသုံးပြုကာ ရှာဖွေစစ်ဆေး မေးမြန်း လျက်ရှိကြောင်းလည်း ခရီးသွားဒေသခံများက ပြောသည်။