BREAKING
March 14, 2025

ရနောင်း-ဘန်ကောက် အဝေးပြေးကား ဓာတ်တိုင်ကိုဝင်တိုက်၊ မြန်မာ ၁၀ကျော်အပါ ၃၀ကျော် ဒဏ်ရာရ

March 14, 2025

ရနောင်း-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးဘတ်စ်ကားတစ်စီး ယနေ့ မတ်လ ၁၄ရက် နံနက် ၄ နာရီတွင် ဓာတ်တိုင်ကို ဝင်တိုက်ပြီး ကားပေါ်လိုက်ပ်လာသည့် မြန်မာနိုင်ငံသားများ အပါအဝင် ၃၆ ဦး ထိခိုက်ဒဏ်ရာရကြောင်း ကူညီဆောင်ရွက် ပေးနေသော မြန်မာနိုင်ငံသားများပြောဆိုချက်နှင့် ထိုင်းသတင်းဌာန၏ ဖော်ပြချက်တို့အရ သိရသည်။

ရနောင်းမြို့မှတစ်ဆင့် ဘန်ကောက်သို့ ထွက်ခွာလာစဉ် ဖက်ချ်ဘူရီခရိုင် ခေါင်းယွိုင်ဒေသ ဖက်ကစန်လမ်းမကြီးတွင် လမ်းဘေးရှိ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ထိုင်းနိုင်ငံသား ၁၅ ဦး၊ မြန်မာနိုင်ငံသား ၁၂ ဦးနှင့် အမေရိကန်နိုင်ငံသားကိုးဦး လိုက်ပါလာကြပြီး အားလုံး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူများကို အနီးရှိ ခေါင်ယွိုင်ဆေးရုံနှင့် ဘုရားချောင်ကလောင်ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရရှိသူများတွင် ရနောင်းမြို့၌ သီတင်းသုံးနေသော မြန်မာဆရာတော်တစ်ပါလည်း ပါဝင်နေကြောင်း ဆေးရုံတွင် လိုက်ပါကူညီဆောင်ရွက်ပေးနေသော ကိုကဗျာက ပြောသည်။

“အခုက ခေါင်ယွိုင်မြို့နယ်ဆေးရုံမှာ ဆရာတော် တစ်ပါးပဲကျန်တော့တယ်။ ဆရာတော်က ခြေထောက်ကျိုးသွားတယ်။ ကျန်တဲ့မြန်မာတွေကျတော့ မနက်က အသီးသီး သွားမယ့်နေရာကို ထွက်သွားကြပြီ” ဟု ၎င်းက ပြောဆိုသည်။

ဆရာတော်သည် မဟာချိုင်မြို့ရှိ ဆွေမျိုးများထံ ကြွလာစဉ် ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ကိုကဗျာက ဆိုသည်။

ကားတိုက်မှုဖြစ်ချိန် ကားထဲပိတ်မိနေသော မြန်မာကလေးငယ်နှစ်ဦးကို နိုင်ငံခြားသား နှစ်ဦးက ကားမှန်ရိုက်ခွဲ၍ ကယ်တင်ခဲ့သေးသည်ဟု မိသားစုဝင်များက ပြန်ပြောပြကြောင်း ၎င်းက ပြောဆိုသည်။

အိပ်ငိုက်ပြီး‌နောက် အရှိန်မထိန်းနိုင်တော့ဘဲ ဓာတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်သည်ဟု ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် ကားမောင်းသူကို အမှုဖွင့် အရေးယူထားကြောင်း ဖော်ပြသည်။

Ref: Khaosod English