BREAKING
March 14, 2025

တနင်္သာရီတွင် လေကြောင်းအန္တရာယ်ကြောင့် နွေစပါးရိတ်သိမ်းရန် အခက်တွေ့

March 14, 2025

ပုံစာ - ပြီးခဲ့သည့်နှစ်က တနင်္သာရီမြို့နယ်အတွင်း စပါးရိတ်‌သိမ်းနေကြသည်ကိုတွေ့ရစဉ်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာတွင် စစ်ကောင်စီတပ်၏ လေယာဉ်များ နေ့တိုင်းနီးပါး ပျံသန်းနေသဖြင့် နွေစပါးရိတ်သိမ်းရန် အခက်တွေ့နေကြကြောင်း လယ်သမားများနှင့် ဒေသခံအချို့က ပြောသည်။

လက်ရှိတွင် နွေစပါး စပါးနှံ ဝင်း (မှည့်) ပြီး ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်သော်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မရိတ်သိမ်းရဲဘဲ ဖြစ်နေကြောင်း အသက်၅၃နှစ်အရွယ် လယ်သမားတစ်ဦးက ပြောဆိုသည်။

“လေယာဥ်က ရက်တိုင်းဆိုသလို လာဝဲနေပြီး သူတို့ကြဲချင်တဲ့အချိန် ကြဲထားခဲ့တာ။ လေယာဥ်လာ (ပြီ) ဆို တဲထဲ ဝင်ပြေးလိုက်အခြေအနေငြိမ်ပြီလို့ အသံကြားရင် ထွက်ရိတ်လိုက် လုပ်နေရတာပဲ။ စပါးရိတ်ချိန် ရိတ်မရဆို ၁၀တင်းရမယ့် အစား ၅ တင်းပဲပြန်ရတာ ဘာနဲ့စားရမလဲ” ဟု ၎င်းက ပြောသည်။

တကူကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလအစောပိုင်းတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်များ ပျက်စီးသွားသလို သက်ကြီးရွယ်အို နှစ်ဦးအပါအဝင် ပြည်သူ ငါးဦးဒဏ်ရာရခဲ့သည်။

လက်ရှိတွင် တကူရွာနှင့် သရဘွင်ရွာတွင် ဗုံးကြဲတိုက်ခိုက်မှု မရှိသော်လည်း စစ်ကောင်စီတပ်၏ လေယာဉ်ပျံသန်းမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

မတ် ၃ ရက်ကလည်း တကူကျေးရွာအုပ်စု ကော်တောရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့သည်။

မတ်လ ၃ ရက် နောက်ပိုင်းတွင် တကူရွာနှင့် သရဘွင်ရွာကို လေကြောင်းတိုက်ခိုက်မှု မရှိသော်လည်း စစ်ကောင်စီတပ်၏ လေယာဉ်များက နေ့တိုင်းနီးပါးပျံဝဲနေကြောင်း ဒေသခံများက ပြောဆိုသည်။

တကူကျေးရွာနှင့် သရဘွင်ရွာတွင် စပါးစိုက်ဧက တစ်ထောင်နီးပါးရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က အဆိုပါကျေးရွာများကို ဆန်၊ ဆေးဝါး အပါအဝင် စားနပ်ရိက္ခာတင်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်ထားသည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သည်။

ထိုကဲ့သို့ ဆန်တင်သွင်းခွင့်ပိတ်ထားသဖြင့် စားသောက်ရန်အတွက် စပါးစိုက်ပျိုးထားသော်လည်း ရိတ်သိမ်းရန် စိုးရိမ်နေသည့်အတွက် ဆုံးရှုံးမှုများကြုံနေရကြောင်း အသက် ၅၅ နှစ်အရွယ် လယ်သမတစ်ဦးက ဆိုသည်။

”စပါးနှံအဖျားဝင်းပြီး ၇ ရက်ဆို ရိတ်လို့ရပြီ။ အဲဒီတစ်ပတ်အတွင်း မရိတ်ရဘဲ လွန်သွားရင် စပါးအမှည့်လွန်ပြီး ကြွေကျပြီး ကောက်နှံလည်း နှစ်ပိုင်းပြတ်တယ်။ ရိတ်သိမ်းချိန် ရိတ်မရတော့ ဆုံးရှုံးမှုများတာပေါ့” ဟု ၎င်းက ပြောသည်။

ရိတ်သိမ်းချိန်လွန် စပါးကို ကြိတ်ပါက ဆန်နှစ်ပိုင်းအပြတ်များသည့်အတွက် ပြန်လည်ရောင်းချချိန်တွင်လည်း စျေးကောင်းမရတော့ကြောင်း လယ်သမားများက ပြောဆိုသည်။

တနင်္သာရီမြို့နယ်ရှိ တကူနှင့် သရဘွင်ရွာတွင် သီးထပ်ရင်၊ ကျွန်းရွှေဝါ၊ မနောသုခ၊ ရှင်းသိင်္ဂီ၊ ရှင်းငယ်၊ မရင်းငယ် စသည့် စပါးအမျိုးအစားများ စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။