အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရာတွင် နေတိုးအဖွဲ့က ပါဝင်ကူညီပေးရနိုင်ခြေရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောဆိုလိုက်သည်။
နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ကို ကြာသပတေးနေ့က အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံရာ၌ ထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဂရင်းလန်းကျွန်းကို အမေရိကန်က သိမ်းပိုက်မည့် ဖြစ်တန်ခြေအလားအလာနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာတွင် ယင်းမှာ ဖြစ်လာလိမ့်မည်ဟု ထရမ့်က ဖြေကြားခဲ့သည်။
ဂရင်းလန်းကျွန်း၏ မဟာဗျူဟာမြောက် အရေးပါမှုကိုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဂရင်းကျွန်းကို အမေရိကန်၏ ထိန်းချုပ်မှုမှာ နိုင်ငံတကာ လုံခြုံရေးအတွက် လိုအပ်သည့်အရာဟု ထရမ့်က ဆိုသည်။
အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရာတွင် ကူညီပေးနိုင်မည့် အင်မတန်အရေးပါသူတစ်ဦးအဖြစ် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mark Rutte အား ထရမ့်က ရည်ညွှန်းပြောဆိုခဲ့သည်။
ယင်းကိစ္စတွင် နေတိုးအဖွဲ့အား ဆွဲမသွင်းစေလိုကြောင်း Mark Rutte က ထရမ့်၏ ပြောဆိုချက်အပေါ် တုံ့ပြန်ပြောဆိုခဲ့သည်။
မကြာမီ ရာထူးမှ ထွက်ခွာသွားရတော့မည့် ဂရင်းလန်းဝန်ကြီးချုပ် Mute Egede ကလည်း ထရမ့်၏ ပြောဆိုချက်ကို အလျင်အမြန် ပယ်ချခဲ့သည်။
ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည် ဆိုသည့် ထရမ့်၏ ပြောဆိုမှုများမှာ ရပ်သင့်နေပြီဟု ၎င်းက ပြောသည်။ ပါတီခေါင်းဆောင်များ အစည်းအဝေးခေါ်ယူပြီး ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့် ထရမ့်၏ ကတိပြုမှုကို ပယ်ချသွားမည်ဟု Mute Egede က ဆိုသည်။
Source: The Guardian, DW News