စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် နိုင်အိုက်ချမ်းသည် မတ်လ ၁၃ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၊ ကော့တုံဌာနချုပ်က ဗိုလ်မှူးချုပ်အဆင့်ရှိ နိုင်အိုက်ချမ်းသည် တပည့်တစ်ဦးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာဘက်တွင် ကားဖြင့် မောင်းနှင်သွားလာနေစဉ် လမ်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
နိုင်အိုက်ချမ်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး တပည့်ဖြစ်သူ ဖိုးတုတ်ဆိုသူလည်း သေဆုံးကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။
“နိုင်အိုက်ချမ်းက ကားနဲ့ ကော့ဘိန်းဘက်ကိုအလာ လမ်းမှာ ပစ်ခတ်ခံရတယ်။ သူ့တပည့်တစ်ယောက်လည်း ပါတယ်။ နှစ်ယောက်စလုံး ပွဲချင်းပြီး ဖြစ်သွားတယ်။ သူတို့ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်တယ်လို့ သိထားပေမယ့် နာမည်တော့ မသိသေးဘူး” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောသည်။
နိုင်အိုက်ချမ်းကို ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့သည် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ကော့တုံဌာနချုပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သေးကြောင်း သိရသော်လည်း အချက်အလက်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။
နိုင်အိုက်ချမ်းသည် ကော့ဘိန်းဒေသတဝိုက်နှင့် ကျိုက်မရောမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေပြီး လောင်းကစားဝိုင်းများကို ဦးစီးလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
နိုင်အိုက်ချမ်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို ရေးဘီလူးအဖွဲ့က ရေးမြို့နယ်၊ စုံနံ့သာကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၀၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့်အဖွဲ့ဖြစ်ပြီး ၂၀၁၀ ခုနှစ်က တပ်အင်အား ၂၀၀ ကျော် လက်နက်ငယ်များနှင့်အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချခဲ့သည်။
လက်နက်ချသည့် ၁၂ နှစ်ပြည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် စစ်ကောင်စီနှင့် လက်တွဲပြီး ဌာနေ ပြည်သူ့စစ် အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။