BREAKING
November 21, 2024

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

March 14, 2023

Princes in The Darkness 1990s

အခန်း(၂၂)

မန္တလေးရှိ ကိုနေဝင်းအိမ်သို့ ဗေဒါ ပြန်ရောက်ခဲ့ပြီ။

ကိုနေဝင်းက ပြန်မလာ‌သေး။ သူ့ဇနီးနှင့် ကလေးများသာ အိမ်မှာရှိနေ၏။

ယခုအချိန်တွင် သူကိုယ်တိုင်အန္တရာယ်ရှိနေသဖြင့် ကြားထဲမှ ကိုနေဝင်း၏ ဇနီးနှင့်ကလေးများ ထိခိုက်မည်ကို ဗေဒါမလိုလား။

ပြီးတော့ ဒီပြဿနာထဲတွင် ကိုနေဝင်းကိုယ်တိုင်ပါဝင်နေနိုင်သဖြင့် ကိုနေဝင်းအိမ်တွင် မနေပဲ ခြေရာဖျောက်ရန် ဗေဒါဆုံးဖြတ်လိုက်သည်။

ရှေးဉီးစွာ ဟန်းဖုန်းကို ပိတ်ချပစ်လိုက်၏။

ထို့နောက် ကားကို ကိုနေဝင်းအိမ်တွင်ထားခဲ့ကာ ကျောပိုးအိတ်ကိုလွယ်လျက် လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။

ဟိုတယ်တစ်ခုခုတွင် တည်းခိုပြန်လျှင်လည်း တဖက်ရန်သူက ဘယ်သူမှန်းမသိသဖြင့် သူ့ကို ခြေရာခံမိသွားနိုင်၏။

ထို့ကြောင့် ဗေဒါ နှင့် ယခင်ကတည်းက ရင်းနှီးခဲ့ဖူးသော မလွန်ဆန်လှူအသင်းအကျိုးတော်ဆောင်ဆရာ‌တော် တစ်ပါး၏ ကျောင်းတိုက်သို့ ထွက်ခွာလာခဲ့သည်။

ဆရာတော်က ဗေဒါမိဘများလက်ထက်ကတည်းက စာသင်သားဘဝနှင့် ကိုးကွယ်လှူဒါန်းဖူးသူဖြစ်သဖြင့် ဗေဒါကို ဝမ်းမြောက်ဝမ်းသာလက်ခံသည်။

ဗေဒါနေထိုင်ရန် အခန်းတစ်ခန်းပင် သီးသန့်စီစဉ်ပေး၏။

ဘုန်းကြီးကျောင်းတွင် နေထိုင်ရင်း ဗေဒါက ဖြစ်စဉ်ကြီးတစ်ခုလုံးကို သေချာသုံးသပ်ကြည့်မိသည်။

ဂျာနူး က ဒီကစားပွဲတွင် မည်သို့ ပါဝင်ကစားနေသည်လဲ။ မစ္စတာလုအနေဖြင့် ဗေဒါကို သံသယဝင်နေသည်ဆိုသော်လည်း အဘယ်ကြောင့် ဂျာနူးနှင့်အတူ စင်္ကာပူကို လွှတ်ရသနည်း။

ဂျာနူးပြောသလို ဗေဒါ၏ နောက်ကြောင်းကို လှန်လှောဖို့လား။

ဗေဒါ့အား ထောက်လှမ်းရေးလူဟု ထင်ရလောက်အောင်လည်း ဗေဒါနှင့် ထောက်လှမ်းရေးပတ်သက်နေမှုများကို မစ္စတာလု သိထားပြီးသား။

ကောလင်းကိစ္စတွင် ပထမဆုံး ကိုနေဝင်းနှင့် ကိုအောင်မြင့် က ဗေဒါကို ခွဲထုတ်ပစ်လိုက်သည်။

ဗေဒါက လမ်းမှာ တောက်လျှောက်လိုက်လာသောကားကြောင့် ကောလင်းသို့ဝင်ပြီး တညနားမိရာမှ ဒီပြဿနာဖြစ်လာသည်။

သံချောင်း ကလည်း ဗေဒါနောက် တောက်လျှောက်လိုက်နေသူ။

သံချောင်းသည် ကကလှမ်းကိုယ်စား စီးပွားရေးအရှုပ်များကို ကိုင်တွယ်နေသူဆိုသော်လည်း မစ္စတာလု၊ ကိုနေဝင်း၊ ကိုအောင်မြင့်တို့နှင့် ယှဉ်လျှင် ဘာမှမဟုတ်။

သူ့အဆင့်လောက်ကို ရှင်းလိုက်လို့လည်း တဖက်လူတွေအတွက် ဘာမှမထူး။

ဒါဆို သူတို့ ဉီးတည်သည်က ‌ဗေဒါကို လုပ်ကြံဖို့လား။ စဉ်းစားရကြပ်သည်။

အချိန်တန်လျှင်တော့ ဒီကြိုးများကို တဆင့်ချင်းရှင်းရမည်ဟု စဉ်းစားပြီး ဘုန်းကြီးကျောင်းတွင် နှစ်ရက်ခန့် အောင်းနေလိုက်၏။

ထို့နောက် ဖုန်းကို ပြန်ဖွင့်လိုက်သည်။

ဗေဒါအား ခေါ်ထားသူများက မနည်းမနော။

ဂျာနူး၊ မစ္စတာလု၊ ကိုနေဝင်း၊ လောရှည်၊သံချောင်း။ လူစုံတက်စုံ။

ဗေဒါက ဂျာနူးဆီသို့သာ ဖုန်းခေါ်ကြည့်လိုက်၏။

“ဟယ်လို..အကို…အကို ဘယ်ရောက်နေတာလဲ”

ဂျာနူးက စိုးရိမ်သံဖြင့်။

“ရှိပါတယ်”

“အကို မန္တလေးမှာ တင် ပျောက်သွားလို့ အကုန်လုံးစိတ်ပူနေကြတာ”

“ဂျာနူးလည်း သိမှာပါ…ကျွန်တော် ဘာဖြစ်ခဲ့တယ်ဆိုတာ..ဒါကြောင့်..ခဏ ကိုယ်ယောင်ဖျောက်နေလိုက်တာ”

“ဂျာနူး အကုန်သိပြီးပြီ..ဒီမှာလည်း အကိုမရှိတဲ့ နှစ်ရက်အတွင်း ပြဿနာတွေအတော်တက်နေတယ်”

“ဘာဖြစ်လို့လဲ”

“အကိုတို့ ကောလင်းမှာ အပစ်ခံရတဲ့နေ့မှာပဲ….ကျားရွှမ်ကို စစ်ထောက်လှမ်းရေးက ဖမ်းလိုက်တယ်… ပြီးတော့ မစ္စတာချူးကိုလည်းလေဆိပ်မှာ ထောက်လှမ်းရေးက ဖမ်းဆီးစစ်ဆေးဖို့ဆိုပြီး ခေါ်ထားလိုက်တယ်..အဲ့ဒါကြောင့်…ဂျာနူးတို့ရော…မစ္စတာလုပါ ဖုန်းတွေကို အကုန်စက် ပိတ်ထားရတာပါ”

မစ္စတာလုတို့ ၊ ဂျာနူးတို့ ၊ လောရှည်တို့ ဘာကြောင့်ဖုန်းပိတ်ထားရသည်ဆိုသည်ကို ဗေဒါ သိလိုက်ရပြီ။

ဒီအတိုင်းဆို လောမိသားစု၏ အဓိကလူများကို တချိန်တည်း၊ တပြိုင်တည်းတွင်ပင်..ဖြိုခွင်းသည့်သဘော။

ဒါဆို…ဘယ်သူ့လက်ချက်လဲ။

ထိုအခါမှ ဗေဒါ သေချာပြန်စဉ်းစားကြည့်မိသည်။

ကောလင်းထောက်လှမ်းရေးရုံးတွင် ပစ်ခတ်ခံရသည့်ကိစ္စကို စစ်ဒေသမှ လာရောက်စစ်ဆေးစဉ်က လက်နက်ကြီးဖြင့် ကြိုတင်ချိန်ရွယ်ထားပြီး ပစ်ခတ်သည်ဟု ကျွမ်းကျင်သူစစ်အရာရှိများက ဆိုကြ၏။

ကြေးအိုးဆိုင်တွင်ရောက်မှ သံချောင်းက ဗေဒါကို ထိုရုံးတွင် လိုက်အိပ်ရန် ပြောခြင်းလည်းဖြစ်သည်။

ထို့နောက် သူတို့ ပိုသေချာအောင် သံချောင်းကားနှင့်ပင် လိုက်သွားခဲ့သည်ပဲ။

ဒါကိုမှ တဖက်လူက သတင်းရပြီး အသေအချာ စောင့်ကြည့်ချိန်ရွယ်ပစ်ခတ်သည်ဆိုသည်က သံသယဝင်စရာကောင်းနေသည်။

ကားရပ်သွားသည်နှင့် သံချောင်းက မြောင်းထဲလှိမ့်ဆင်းသွားပြီး…ဗေဒါပါလိုက်ဆင်းသည်။ ဆိုင်ကယ်သမားများကလည်း ကား‌ရှေ့ခန်းကိုသာ ပစ်ခတ်သွားကြပြီး..နောက်ကို မပစ်။ ဗေဒါနှင့် သံချောင်းကိုလည်း လိုက်မပစ်။

သေဆုံးသွားသည့်ယာဉ်မောင်းကလည်း အရပ်သားသတင်းပေးဖြစ်ပြီး ၊ နောက်တစ်ယောက်က ထောက်လှမ်းရေးမှ အောက်ခြေအဆင့်ရဲဘော်လေး။

ထောက်လှမ်းရေးအဖွဲ့၏ ကိုယ်ဖာသာကိုယ် ဗုံးထောင်၊ ကိုယ့်ဖာသာကိုယ် ဗုံးခွဲ ကာ မဆီမဆိုင် နိုင်ငံရေးသမားများကို ဇာတ်လမ်းဆင်ဖမ်းဆီးတတ်သည့် လုပ်ကွက်များကို ထောက်လှမ်းရေးများနှင့် အတွဲများသော ဗေဒါ သိထားသည်။

ဗေဒါနှင့်သိသည့်အချို့ဆိုလျှင် သမ္မတရုပ်ရှင်ရုံအိမ်သာနှင့် ဘူတာကြီးရှေ့ပန်းတင်ခုံများကို ထောက်လှမ်းရေးပိုင် ကားဖြင့်သွားပြီး ဗုံးထည့်ပေးရခြင်းမျိုးလည်းရှိ၏။

ထို့ကြောင့်..ယခုကိစ္စတွင်လည်း ထောက်လှမ်းရေးက ကိုယ်ဆင်သည့်ဖဲ ကိုယ်ချိုး..ကိုယ်ဝေသည့် အကွက်ပေလား။

ဒါဆို ဗေဒါ့ကိုရော သံချောင်းက အနီးကပ်သတ်လို့ရပါလျက် ဘာလို့ မသတ်ရသနည်း။

သေချာတာကတော့..မစ္စတာလု နှင့် ဗေဒါ တို့အကြား သံသယများပိုများစေပြီး ရန်တိုက်ပေး လိုက်ခြင်းမျိုးလည်းဖြစ်နိုင်သည်။

မစ္စတာလုတို့ဘက်မှ ဗေဒါကို အထင်လွဲစေရန် သံချောင်းက တကောက်ကောက်လိုက်ပြီး ဗေဒါကို ခြိမ်းခြောက်တလှည့်၊ ချော့တလှည့် ဆုံတွေ့တာမျိုးတွေလုပ်ခဲ့သည်။

ယခုတဖန် ဗေဒါက မစ္စတာလုတို့အပေါ် အထင်လွဲစေရန်..ဒီလုပ်ကြံမှုကို ဖန်တီးခဲ့သည်လား။

သို့သော်လည်း ထိုကိစ္စလေးတစ်ခုအတွက် သူတို့ လူနှစ်ယောက်အသက်ကို စတေးသည်ဆိုခြင်းကတော့ စဉ်းစားရခက်သည်။ ဒါလည်း ပြောမရ။

သူတို့အကျိုးစီးပွားအတွက် ဘာမှ အပြစ်မရှိသည့်လူပေါင်းများစွာကိုတောင် သတ်ဖြတ်ပစ်ခဲ့သည့်အဖွဲ့ပေပဲ။

“အကို..အကို..အကို”

တဖက်မှ ဂျာနူးအသံကြောင့် ဗေဒါ သတိပြန်ဝင်လာသည်။

“ဂျာနူး ပြောနေတာတွေ ကြားလား”

“ဆောရီး…ကျွန်တော် အတွေးလွန်သွားလို့..ဂျာနူး”

“အကို..ရန်ကုန်ကို အမြန်ပြန်လာခဲ့ပါ..ဒီမှာ မစ္စတာလုကလည်း အကို့ကို လိုအပ်နေတယ်..ဂျာနူးကို ကတိပေးပါ..အကို”

“ကျွန်တော် ပြန်လာခဲ့ပါမယ့်..ဂျာနူး..ဒါပေမယ့်..ကားကိုတော့ ကိုနေဝင်းအိမ်မှာပဲ ထားခဲ့ရလိမ့်မယ်..ဘာလို့လဲ ဆိုတော့ ထောက်လှမ်းရေးက ဒီကားနံပါတ်နဲ့ ခြေရာခံလိုက်နေတာမို့”

“ဘယ်တော့ပြန်လာမလဲ..အကို”

“မနက်ဖြန်မနက် ကားလက်မှတ်ဖြတ်ပြီး ပြန်လာခဲ့မယ်”

“ဂျာနူး မျှော်နေမယ်နော်..အကို”

……………………………….

ဗေဒါက ရန်ကုန်သို့မဆင်းမီ ကိုနေဝင်းအိမ်သို့ ဝင်လိုက်သည်။

ကိုနေဝင်းကို နှုတ်ဆက်ရင်း…သူတို့ဆီက ထွက်လာသည့် စကားသံများကိုလည်း သုံးသပ်ရန်လိုအပ်သည့်အတွက်ပင်။

ကိုနေဝင်းက ဗေဒါ့ကို တွေ့တော့ အတော်ဝမ်းသာသွားပုံပင်။

“မင်း..ငါ့အိမ်မှာ ကားထားပြီး ပျောက်သွားတော့…ငါ့တာဝန်လည်း ဘယ်ကင်းမလဲ..ဗေဒါရာ..ငါစိတ်ပူလိုက်ရတာ”

“ကိုနေဝင်းလည်း သိတဲ့အတိုင်းပဲ..ကျွန်တော် ကံကောင်းလို့မသေတာလေ”

ဗေဒါက ကိုနေဝင်းမျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ဗေဒါကို သူတို့ခွဲထုတ်ထားခဲ့သည့် ကိစ္စ ကို ရည်ရွယ်မှန်း ကိုနေဝင်းရိပ်မိပုံရ၏။

“ငါ့ကို နားလည်ပေးပါ..ဗေဒါ…မင်းကို ငါ့ညီလေးကို ငါ တကယ်ခင်ပါတယ်..အဲ့ဒီအတွက်လည်း မင်းကို ငါ စကားလက်ဆောင်ပေးလိုက်မယ်..မင်းအခု မစ္စတာလုဆီ ပြန်မယ်ပေါ့…ပြန်တာက ပြန်ပါ..ဒါပေမယ့်…မင်း ရှေ့ဆက်ရမယ့်ဘဝမှာ ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်စေချင်တယ်..မင်းမှာ အဲ့ဒီလို အရည်အသွေးမျိုး အပြည့်အဝလည်းရှိနေပြီပဲ…သူများ လက်အောက်မှာ လုပ်ရတယ်ဆိုတာက..မင်းကို သူတို့က ငွေတွေ ပုံအော ပေးထားချင်ပေးထားမယ်..မင်းကြောင့် သူတို့ အကျိုးအမြတ်တွေအများကြီးရတဲ့အခါ မင်းကို ချီးကျူးချင် ချီးကျူးလိမ့်မယ်..အေး..မင်းကြောင့် မတော်တဆ သူတို့ အကျိုးစီးပွားတစ်ခုထိခိုက်တဲ့အခါကျ…မင်းကို သံသယဝင်လာလိမ့်မယ်….အဲ့ဒီသံသယရဲ့ အကျိုးဆက်က မင်းဘဝနဲ့ မင်းအသက်ကိုတောင် ဖျက်စီးပစ်ကြလိမ့်မယ်…ဒီတော့..မင်း..ကိုယ့်ဘဝကို ကိုယ့်ဘာသာပဲ တည်ဆောက်ပါ..ကိုယ့်ခြံဝန်းမှာပဲ ကိုယ့်အိမ်ကိုဆောက်ပါ…သူတပါး ခြံဝန်းထဲမှာ ကိုယ့်အိမ်ငယ်လေး ဆောက်ပြီး အကြာကြီး သာယာမနေနဲ့….ငါပြောတာ..သဘောပေါက်လား..ဗေဒါ”

ကိုနေဝင်းဆီမှ တန်ဖိုးရှိသော စကားကို ဗေဒါ ကြားလိုက်ရသည်။ ဒီစကားတွင် အဓိပ္ပါယ်များစွာ၊ သတိပေးမှုများစွာ ပါကြောင်းလည်း ဗေဒါ ခံစားမိလိုက်၏။

ကိုနေဝင်းသည် စစ်ဗိုလ်ချုပ်များ၊ လက်နက်ကိုင်များ၊ စီးပွားရေးသမားများကြား ချိတ်ဆက်ပေးသည့် ကျားတစ်ကောင်အဖြစ် ကျင်လည်ခဲ့သည့်သူ။

မစ္စတာလုတို့ ပါးနပ်သည်ဆိုသည်ကို ကိုနေဝင်းက အိပ်နေသလောက်ပင်။

ဗေဒါ့အပေါ်လည်း သူတကယ်ခင်မင်သည်ဟု ဗေဒါခံစားရသဖြင့် ကိုနေဝင်းစကားကို ခေါင်းထဲထည့်ထားလိုက်သည်။

ကိုနေဝင်းက ဗေဒါကို ကားဝန်းအထိ လိုက်ပို့၏။

ဗေဒါ ရန်ကုန်သို့ ရောက်ခါနီး ဂျာနူးထံ ဖုန်းဆက်လိုက်သည်။

ဂျာနူးက ယခုလောလောဆယ်…မစ္စတာလုခြံသို့ အဝင်အထွက်မလုပ်သေးရန် မစ္စတာလုပ်က ညွှန်ကြားကြောင်းနှင့် နောက်တပတ်ကျော်မှသာ လာခဲ့ရန် ပြော၏။

ဗေဒါလည်း ထွေထွေထူးထူးစဉ်းစားမနေတော့။

ဝင်ဒါမီယာသို့ ပြောင်း‌ရွှေ့သွားပြီဖြစ်သော သူ့အမကြီး အိမ်သို့ သာ ဖုန်းဆက်ကာ တပတ်ခန့် လာနေမည်ဟု ပြောလိုက်သည်။

အမကြီးနှင့် ယောက်ဖဖြစ်သူကလည်း ဗေဒါလာမည်ဆိုတော့ ပျော်ရွှင်သွားကြ၏။

တူ၊တူမလေးများကို ဗေဒါ ထောင်ကလွတ်ပြီးခါစ ကတည်းက နောက်ထပ် တကြိမ်မှ မတွေ့ဖူးခဲ့။ ယခုတော့ မိသားစုဘဝထဲ ဗေဒါ ခေတ္တခဏ ဝင်နားခိုပါဦးမည်။

……………………………….

ပထမအကြိမ်။

ဒုတိယအကြိမ်။

သုံးကြိမ်မြောက်ဘဲလ်တီး၍မှ ထွက်မလာလျှင်တော့ သူလှည့်ပြန်တော့မည်။

ဗေဒါက အမအိမ်တွင် တပတ်ခန့်နေပြီးနောက် မစ္စတာလု၏ ယောမင်းကြီးလမ်းခြံရှေ့သို့ ရောက်နေခြင်းပင်။

လူကြည့်ပေါက်မှ တံခါးလေးခပ်ဟဟပွင့်လာ၏။

“ဘယ်သူနဲ့ တွေ့ချင်လို့လဲ”

အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ မျက်ရစ်မပါသောမျက်လုံးဝိုင်းဝိုင်းလေးများ။

ဟိုးအရင်နှစ်တွေက ဒီနေရာမှာ ဒီအတိုင်း သူစတွေ့ဖူးခဲ့သည့်..မျက်နှာလေး။

ဂျာနူးက ပြုံးစိစိဖြင့်။

“အမှောင်ထဲက မင်းသားတစ်ယောက်ပါ”

“ကဲ..အမှောင်ထဲက မင်းသားကြီး..ကြွပါရှင့်”

ဂျာနူးက တံခါးကို ဖွင့်ပေးသည်။ ထို့နောက် ‌ဗေဒါ၏ လက်မောင်းကို တွဲခိုလိုက်သဖြင့် ဗေဒါပင် အံဩသွား၏။

ဂျာနူးက ဗေဒါ၏ လက်မောင်းကို သူမ၏ ပါးဖြင့် အပ်ကာ အိမ်ထဲသို့ ခေါ်လာသည်။

“မစ္စတာလု.. မြင်သွားရင်..မကောင်းဘူးနော်..ဂျာနူး”

ဂျာနူးက ခပ်ဟဟလေး ရယ်သည်။

“သူတို့သားအဖတွေ တစ်ယောက်မှ မရှိကြဘူး..အကုန်လုံး ထိုင်ဝမ်မှာ စတေးရှောင်နေကြတယ်”

“ဪ”

ဗေဒါက ဂျာနူး၏ ပါးပြင်လေးကို လှစ်ခနဲတချက်နမ်းလိုက်သည်။ထို့နောက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။

“အကိုမရှိတဲ့အချိန်….ဆိပ်ကမ်းက စင်ကာပူပို့မယ် ကွန်တိန်နာတွေကို ကျားရွှမ်က သွားထုတ်ပေးနေတုန်း.. ထောက်လှမ်းရေးက ဝင်ဖမ်းတာခံလိုက်ရတယ်..သိတယ်မဟုတ်လား..အထဲမှာက အဖြူတွေပါတယ်လေ… အဲ့ဒီညနေပဲ လေဆိပ်မှာ မစ္စတာချူးကို စစ်ထောက်လှမ်းရေးက ဖမ်းတယ်…ဒါပေမယ့် အပါးကြီးက ရှစ်လုံးကြီးဆီ တိုက်ရိုက်ဝင်တွေ့ပြီး အကူအညီတောင်းလို့ ကိုချူးကို သူတို့ ပြန်လွှတ်ပေးလိုက်ရတယ်”

“အင်း..ပြဿနာက တော်တော်ဖြစ်သွားတာပဲ..မစ္စတာလုက‌ရော”

“ဒီခြံကိုလည်း သူတို့လူတွေနဲ့ လာစောင့်ကြည့်သေးတယ်..အကို..အခုတော့ သူတို့မိသားစုတွေအကုန် အသီးသီး အပြင်ထွက်ကုန်ကြပြီ..ဂျာနူးတစ်ယောက်တည်းကျန်တာသေချာမှာ စောင့်ကြည့်နေတဲ့လူတွေလည်း မလာတော့တာ”

“ခဏနေဉီးနော်..အကိုရောက်ပြီဆိုတဲ့အကြောင်း..မစ္စတာလုဆီ ဖုန်းဆက်လိုက်ဉီးမယ်”

ဂျာနူးက ဖုန်းကို ကိုင်ကာ ရုံးခန်းထဲသို့ ခဏဝင်သွား၏။

“ဂျာနူး..ခဏ”

ဗေဒါက ဂျာနူး လက်ကို လှမ်းဆွဲလိုက်သည်။

“ဘာလုပ်မလို့လဲ..အကို..ပြီးမှနော်”

“ဟာ..အဲ့ဒီကိစ္စ မဟုတ်ဘူး..မစ္စတာလု နဲ့ ဖုန်းပြောရင် တစ်ခုပြောပေးပါ…. ကျွန်တော် မစ္စတာလုနဲ့ လူချင်းတွေ့ပြီး ပြောစရာ စကားတွေရှိနေတယ်…အဲ့ဒါတွေပြောပြီးမှ သူ့ဆီမှာ အလုပ်ဆက်လုပ် မလုပ်ကို ဆုံးဖြတ်မယ်လို့”

ဗေဒါ့စကားကြောင့် ဂျာနူး မျက်လုံးလေး ဝိုင်းသွားသည်။

“အကိုက ဘာပြောမလို့လဲ..သူ့ကို”

“ကျွန်တော့်ကို သူသံသယဝင်နေတဲ့ကိစ္စ..သူနဲ့ မျက်နှာချင်းဆိုင်ရှင်းမှရမယ်လေ…ဒီလို သံသယကြီးနဲ့ အလုပ်ဆက်လုပ်နေလို့မကောင်းဘူး”

ဂျာနူးက ရယ်လိုက်သည်။

“မစ္စတာလုက အကို့တစ်ယောက်တည်းကို ကွက်ပြီး သံသယဝင်တာမဟုတ်ဘူး..ဂျာနူးရော၊ ကိုလောရှည်ရောကိုပါ..သံသယဝင်တာ…သူတို့အနားမှာ ရှိနေတဲ့လူအားလုံးကို သူတို့က အပြီးအပြတ်ယုံတာမဟုတ်ဘူး..အကို…ဂျာနူးအတွက်တော့.ဒါ ထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူး”

ဂျာနူးက အခန်းထဲဝင်သွားပြီ။ ဗေဒါက ဆိုဖာပေါ်ထိုင်ချရင်း…ကျန်ခဲ့တော့၏။

……………………………….

ခဏအကြာတွင် ဂျာနူး ပြန်ထွက်လာသည်။

ဗေဒါ့အနားတွင် ကပ်ထိုင်လိုက်၏။

“ဂျာနူး..အလုပ်ကိစ္စတွေ ခဏထားပြီး..ကျွန်တော်တို့ နှစ်ယောက်ကိစ္စ ပြောကြရအောင်လား”

“ဘာများလဲ..အကို”

“ဂျာနူး ကျွန်တော့်ကို ဘယ်လိုသဘောထားလဲ”

“အကိုက ဂျာနူး ချစ်ရတဲ့သူလေ”

ဂျာနူးက ဗေဒါ၏ လက်ကလေးတစ်ဖက်ကို ခပ်ဖွဖွကိုင်လိုက်ရင်း ဆိုသည်။

“ဂျာနူး..အကို့ကို ပွင့်ပွင့်လင်းလင်းပြောပါ..မစ္စတာလုနဲ့ ဂျာနူး ဆက်ဆံ‌ရေးက‌ရော..ဘာလဲ”

ဂျာနူး မျက်နှာလေး ရဲခနဲဖြစ်သွား၏။

“မစ္စတာလုကို ဂျာနူးရဲ့ အကိုကြီးတစ်ယောက်လို ဂျာနူး သံယောဇဉ်ရှိပါတယ်…နှစ်တွေအကြာကြီး သူ့အနားမှာနေ အလုပ်တွဲလုပ်ခဲ့ကြတာပဲလေ….ဒါပေမယ့်..တချို့ကိစ္စတွေမှာတော့ ဂျာနူးစိတ်ဆန္ဒမပါပဲ…ဖြစ်ခဲ့တာတွေရှိတာပေါ့”

ဗေဒါက ဂျာနူး၏ နှုတ်ခမ်းလေးကို သူ့လက်ညှိးဖြင့် ပိတ်လိုက်သည်။

“ရပြီ..ဂျာနူး..ဆက်မပြောပါနဲ့တော့..ကျွန်တော့်မှာ ဆက်နားထောင်နိုင်စွမ်းမရှိတော့ဘူး”

ဂျာနူးက ဗေဒါ၏ လက်ကို ဖယ်လိုက်၏။

“နောက်..ဂျာနူး ဝန်ခံစရာရှိသေးတယ်..အကို”

ဗေဒါက စိုးထိတ်စွာဖြင့်။

“ဂျာနူးမှာ..အကို့အရင်က ချစ်သူရှိခဲ့ဖူးတယ်..သူက ကေအိုင်အေက ဗိုလ်ကြီးတစ်ယောက်ပေါ့…ဂျာနူး ရဲ့ ငယ်ချစ်လို့လည်းပြောလို့ရတယ်”

“အင်း…အဲ့ဒီတော့”

“သူလည်း ဂျာနူးကို လက်ထပ်ဖို့ ကြိုးစားခဲ့ဖူးတယ်..ဒါပေမယ့်”

“ဘာလဲ..သူလည်း မစ္စတာလုတို့ကို မကျော်နိုင်ဘူး..မဟုတ်လား… ကျွန်တော်ကတော့ အဲ့ဒီလိုမဟုတ်ဘူး..ဂျာနူး..မစ္စတာလုမကလို့ သူ့အဖေအပါးကြီးပဲဖြစ်ဖြစ်..ကျွန်တော်သူတို့အားလုံးကို ဆန့်ကျင်ပြီး ဂျာနူးကို လက်ထပ်ရဲတယ်”

ဂျာနူးက ခေါင်းကို ခါရမ်းလိုက်သည်။

“မဟုတ်ဘူးအကို..ဂျာနူးမှာ လုပ်စရာအလုပ်တွေရှိနေသေးတယ်..အဲ့ဒါတွေ မပြီးမချင်း ဘယ်သူ့ကိုမှ ဂျာနူး လက်ထပ်မှာမဟုတ်ဘူး”

ဗေဒါက ဂျာနူး ကို မျက်မှောင်ကြုံ့ကာကြည့်လိုက်သည်။

“ပြောချင်တာက…ဂျာနူးကိုယ်တိုင်က..ကျွန်တော့်ကို လက်မထပ်ချင်တာပေါ့..အဲ့ဒီလိုလား”

“ဂျာနူး ပြောပြီးပြီကော..အကို…ဂျာနူးရဲ့ အလုပ်တွေပြီးသွားရင်‌တော့…သူတို့မိသားစုနဲ့ အဝေးဆုံး ပြည်ပနိုင်ငံတစ်ခုမှာ ဂျာနူးနဲ့ အကို လက်ထပ်မယ်ဆို ဖြစ်လောက်ပါတယ်”

“ဂျာနူးရဲ့ အလုပ်တွေဆိုတာက ဘာလဲ…အဲ့ဒီအလုပ်တွေက ကျွန်တော်ကူလုပ်ပေးနိုင်ရင် လုပ်ပေးမယ်”

ဂျာနူးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။

“ကဲ..ကိုတက်ကြွကြီး…ဂျာနူးတို့ဒီလိုလေးနေသွားလည်း ပျော်ဖို့ကောင်းနေတာပဲ..မဟုတ်လား..အလုပ်ကိစ္စ အခု ပြောမလို့..ရပြီလား”

စကားလမ်းကြောင်းလွှဲသွားသော ဂျာနူးကို..ဗေဒါက မကျေမနပ်ဖြင့် ကြည့်လိုက်၏။

ထိုစဉ် ဂျာနူး၏ ဖုန်း ဝင်လာသည်။

ဂျာနူး က တရုတ်ဘာသာဖြင့် အနည်းငယ်စကားပြောပြီးသည့်နောက် ဗေဒါထံ ဖုန်းကို ထိုးပေးလိုက်၏။

“မစ္စတာလုက ….အကိုနဲ့ တိုက်ရိုက်စကားပြောချင်လို့တဲ့”

ဗေဒါ ဖုန်းကိုင်လိုက်သည်။

“ဗေဒါ…မင်း ကို ငါတို့ စိတ်ပူနေခဲ့တာ..အခုလို အန္တရာယ်ကင်းကင်းနဲ့ ပြန်လာတာ ဝမ်းသာပါတယ်ကွာ..ဒဏ်ရာတွေဘာတွေရော..ရသွားသေးလား”

“ဒဏ်ရာတော့ ကြီးကြီးမားမားမရပါဘူး..မစ္စတာလု”

“မင်းအပေါ် ငါသံသယတွေ ဝင်ခဲ့တယ်….မင်းလည်း ငါ့အပေါ် သံသယတွေ ရှိနေမယ်ထင်တယ်”

မစ္စတာလု သည် အကြားအမြင်ရနေသည့်လူတစ်ယောက်ကဲ့သို့ပင်။

“ဟုတ်တယ်..ကျွန်တော့်ကို မစ္စတာလု သံသယဝင်ခဲ့တာ ကျွန်တော် စိတ်မကောင်းပါဘူး..ဟိုကောင်တွေက ကျွန်တော့်ကို ပစ်မှတ်တစ်ခုလို အမြဲလိုက်ပြီး..လုံးနေတဲ့အတွက် မတတ်သာလိုသာ ကျွန်တော်ဆက်ဆံခဲ့ရတာပါ…. ဘယ်တုန်းကမှ မိသားစုအပေါ် သစ္စာမဖောက်ခဲ့ပါဘူး”

“ဟုတ်ပါပြီ….မင်း အခု ငါတို့နဲ့ အလုပ်ဆက်တွဲလုပ်မလုပ် ဆုံးဖြတ်နေပြီလား”

“………………………………….”

“ငါမင်းကို တစ်ခုတော့ တောင်းဆိုချင်တယ်..အခုဆို မင်းငါ့ဆီမှာ အလုပ်လုပ်ခဲ့တာ…ခုနှစ်နှစ်ရှိပြီ..ဒီလောက်နှစ်တွေအကြာကြီး အလုပ်လုပ်ကြတော့..မင်းနဲ့ ငါတို့နှစ်ယောက်ကြား မကျေလည်မှုတွေ၊ သံသယတွေက ရှိခဲ့ကြမှာပဲ…ဒါသဘာဝပဲ မဟုတ်လား….အခုအချိန်မှာ…ငါတို့ မိသားစု အန္တရာယ်တစ်ခုနဲ့ ကြုံနေပြီ…ငါတို့မိသားစုဆိုတဲ့နေရာမှာ မင်းတို့၊ဂျာနူးတို့လည်းပါတယ်..အခုပဲ…မင်းကို ကောလင်းမှာ လုပ်သွားတာကြည့်…ဒီတော့ ငါတို့ အားလုံး ကျောခြင်းကပ်ပြီး ငါတို့ကို ဖြိုခွင်းဖို့ကြံလာတဲ့ ရန်သူကို အမြစ်ကနေ ဖြုတ်ပစ်မယ်…ငါဘာပြောလည်း မင်းသဘောပေါက်ပါတယ်”

“ဟုတ်ကဲ့..ကျွန်တော်သဘောပေါက်ပါတယ်”

“မင်း..ငါ့ဆီမှာ နောက်သုံးနှစ်တိတိ အလုပ်ဆက်လုပ်ပါ့မယ်လို့ ကတိပေးပါ..ငါ့ဆီက လုပ်သက်ဆယ်နှစ်ပြည့်ပြီဆို.. မင်းဘဝမင်းထူထောင်ဖို့ ငါခွင့်ပေးမယ်…မင်းရဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ ဘဝရှေ့ရေးအတွက် လိုအပ်တာ အကုန် ငါ စီစဉ်ကူညီပေးလိုက်မယ်..ဘယ်လိုလဲ”

“…………………………………………………………………..”

“ဗေဒါ..ဒီအချိန်မှာ ငါတို့ခြင်း သွေးကွဲနေရင်….ငါတို့မိသားစုရော..ငါတို့မိသားစုရဲ့လူတွေလို့ သူတို့သတ်မှတ်ထားတဲ့… မင်းတို့ ဂျာနူးတို့ပါ..ဘဝတွေ တစစီဖြစ်သွားမယ်…..မင်း အခုချိန် ငါတို့ကိုပဲ ယုံကြည်ပါ.. ငါတို့မှာ ရန်သူကို အပြီးသတ် ချေမှုန်းဖို့ အစီအစဉ်တွေ ဆွဲထားပြီးပါပြီ…မင်းက ငါတို့နဲ့ ကျောချင်းကပ်ထားပေးရုံပါပဲ”

ဗေဒါက ဂျာနူး၏ မျက်နှာလေးကို တချက်ကြည့်လိုက်သည်။ ဂျာနူးက မျှော်လင့်ချက်အပြည့်မျက်ဝန်းလေးများဖြင့်။

“ဟုတ်ကဲ့ပါ..မစ္စတာလု..ကျွန်တော်သဘောတူပါတယ်”

ဂျာနူး က ဗေဒါ၏ ပါးနှစ်ဖက်ကို သူ၏ လက်ဖြင့် လာဆွဲလိမ်ကာ နဖူးကို နမ်းလိုက်သည်။

ဗေဒါ..ဒီအရှုပ်များထဲမှ ရုန်းမထွက်နိုင်သည်မှာ…ဒါမျိုးလေးတွေကြောင့်လည်း။

……………………………….

မစ္စတာလုက သူတို့နိုင်ငံခြားတွင်ရှိနေစဉ်ကာလအတွင်း ဂျာနူးကို ယောမင်းကြီးလမ်းခြံတွင် အစောင့်နေစေသည်။

ဗေဒါ့ကိုတော့ တိုက်ခန်းတွင် ဆက်မနေစေတော့ပဲ..ယခင် ဂျာနူးနေခဲ့သည့် ကိုးမိုင်ရှိခြံတွင် ပြောင်းနေရန် ညွှန်ကြား၏။

ဗေဒါလည်း…ခြံနှင့်ဝန်းနှင့် အေးအေးဆေးဆေးနေရမည့်အပြင် ဂျာနူးနေခဲ့သည့်နေရာလေးဖြစ်နေသဖြင့် မငြင်းတော့။

ထိုနေရာက သူ့အတွက်လည်း ပိုမိုလုံခြုံမည်မဟုတ်လား။ မစ္စတာလုက ဗေဒါအတွက် သီးသန့်ကားသစ်တစ်စီးလည်း ပေးထားသည်။

ခြံထဲတွင် အိမ်အကူ သားအမိနှစ်ယောက်နေထိုင်ကြ၏။

ညနေပိုင်းတွင် ပျင်းပျင်းရှိသည်နှင့် ဗေဒါက ပတ်ဝန်းကျင်လေ့လာရန် လမ်းလျှောက်ထွက်လာခဲ့သည်။

ထိုစဉ် ဗေဒါ့ရှေ့တည့်တည်းမှာလာသော ကားတစ်စီးက ဗေဒါ့အနီးတွင် ရပ်လိုက်၏။

ဗေဒါက အသင့်အနေအထားပြင်လိုက်သည်။

ထိုစဉ် ကားမှန်တံခါးပွင့်လာ၏။

“ဟေ့ကောင်…ဗေဒါကြီး”

ကားပေါ်မှ လူက နေကာမျက်မှန်ကို ချွတ်ပြလိုက်သည်။

“ဟာ..ညီညီ”

ညီညီက ဗေဒါ၏ ကျောင်းနေဘက်ငယ်သူငယ်ချင်း။ သူ့ဖခင်က ရေတပ်ဌာနချုပ်မှူးမှ အရပ်ဘက်ပြောင်းခဲ့ပြီး အတော်လေးပင် ချမ်းသာကြွယ်ဝခဲ့သူ။

“ဗေဒါကြီး….ငါ မနည်းရုပ်ဖမ်းယူရတယ်ကွာ..တော်သေးတယ်..မင်းလမ်လျှောက်ပုံက ငယ်ငယ်ကတည်းက ငါ မှတ်မိနေလို့သာ…ဘယ်သွားမလို့လဲ”

“ငါ ဒီလမ်းထဲက ခြံမှာ ခဏလာနေတာကွာ”

“ဟာ..ရေလည်မိုက်ပြီဟေ့….ငါလည်း ဒီလမ်းထဲမှာ ခြံရှိတယ်…လာ.ကားပေါ်တက်..ငါ့ခြံသွားကြတာပေါ့”

ဗေဒါလည်း ငယ်သူငယ်ချင်းနှင့်တွေ့ရသဖြင့် စကားပြောဖော်ရပြီဖြစ်ကာ ပျော်သွားသည်။

“နောက်ခန်းက တက်..သူငယ်ချင်း”

ထိုအခါမှ ညီညီ၏ ဘေးတွင် နောက်တစ်ယောက်ပါနေသေးသည်ကို သတိထားမိလိုက်၏။

ဗေဒါ က အနောက်ခန်းတွင် တက်ထိုင်လိုက်သည်။

စိမ်းရွှေရွှေ့အနံ ထောင်းခနဲ ရလိုက်ကတည်းက ဗေဒါသိလိုက်ပြီ။

ကားကူရှင်နောက်တွင်လည်း ပင်နယ်ဆလင်ပုလင်းနှင့် ဆေးထိုးအပ်အသစ်အချို့။

“ဗေဒါကြီး..မင်း ဒုတ်တင်သေးလား”

“ငါ မလုပ်တော့ဘူး..ယောက်ဖ”

“ငါတို့ အခု..ငါ့ခြံမှာ အဖြူသွားတင်ကြမလို့”

“အော်..အေး..သွားလေ..ငါမလုပ်တော့ပေမယ့်..ရပါတယ်..အားမနာနဲ့…ဒါနဲ့ မင်း အဘိုးကြီး အဘွားကြီးရော”

“ဆုံးသွားကြပြီ…ငါလည်း အမွေတွေပဲ ထိုင်သုံးနေတော..ဘာမှ လုပ်စရာမလိုဘူးလေကွာ”

ညီညီသည် တစ်ဦီးတည်းသောသား။

သူမိဘအမွေအနှစ်ကလည်း သူတစ်ယောက်တည်း ဒီတသက်ဖြုန်းမကုန်မှန်း ဗေဒါသိထားပြီးသား။

“အော်..ဒါနဲ့ မိတ်ဆက်ပေးရဦီးမယ်….ဒါ ကိုနေ တဲ့…. မင်း သိချင်လည်းသိမှာပေါ့..ကိုနေ..ဒါက ငါ့သူငယ်ချင်း…ဗေဒါ..”

ကိုနေ ဆိုသည့် လူက ဗေဒါ့ကို နောက်ပြန်လှည့်ကြည့်ကာ ပြုံးပြလိုက်၏။

ဗေဒါ သူ့ကို ကောင်းကောင်းသိသည်။ ကွယ်လွန်သွားပြီဖြစ်သော နဝတအစိုးရ၏ နံပါတ်(၃)ပုဂ္ဂိုလ်၏ သားငယ်။

ဖခင်ဖြစ်သူက တပ်တွင်းဩဇာကြီးသည့် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သဖြင့် ယခုအထိ သူ၏ အရှိန်အဝါကလည်း မသေး။

ဗေဒါတို့ထက် ငယ်သော်လည်း …… ရန်ကုန် အထက်လွှာအသိုင်းအဝိုင်းတွင်တော့ မသိသူမရှိလောက်အောင် နာမည်ကျော်သည့် ငတိ။

သူ့ဖခင် သေဆုံးသည့် မတော်တဆမှုတွင် ထောက်လှမ်းရေး၏ စနက်မကင်းမှန်း သတင်းတွေလည်း ထွက်လာခဲ့ဖူးသည်။

ဗေဒါ့ခေါင်းထဲ လက်ခနဲ အကြံတစ်ခုဝင်လာ၏။

“ညီညီ..ငါ့မှာ ပစ္စည်းအကောင်းစားတွေ ချိတ်ရှိတယ်..မင်းတို့ သုံးချင်လား”

ညီညီရော..ကိုနေ ပါ..တပြိုင်နက်တည်း…ခေါင်းညိတ်လိုက်ကြတော့သည်။

ခက်ဇော်

အခန်း ၂၃ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>