ထိုင်းနိုင်ငံတောင်ပိုင်း ၊ဖန်ငခရိုင်၊ ကတွန်ဒေသ၌ ယနေ့ (ဖေဖော်ဝါရီလ ၁၄) ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ထားဝယ်ဒေသခံ သားအမိနှစ်ဦးသေဆုံးခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
မိခင်ဖြစ်သူကိုဆိုင်ကယ်ဖြင့် ဆေးခန်းလိုက်ပို့ရာမှ ကားနှင့်တိုက်မိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာအသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ကျင်ရွှေနှင့် သားဖြစ်သူမောင်သန့်ဇင်ဦးတို့ ဖြစ်ကြောင်းသိရသည်။
“ထိုင်းရဲက သူ့အမေ ဗီဇာကိုလိုင်းပေါ်တင်လို့ သိရတာ”ဟု ၎င်းနီးစပ်သူကပြောသည်။
ယာဉ်တိုက်မှုကြောင့် သားဖြစ်သူ မောင်သန့်ဇင်ဦးမှာ အခင်းဖြစ်ပွားရာတွင်ပင် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာဆေးရုံ အရောက်၌သေဆုံးခဲ့ကြောင်းသိရသည်။
“သေဆုံးသူက ထိုင်းမှာမွေးထိုင်းမှာကြီးတယ်။ ဆွံအနားမကြားကျောင်းမှာ တက်နေတာပေါ့နော်။ ဗမာပြည်လာရင် အလည်လောက်ပဲ ခဏလာတာ” ဟုအထက်ပါနီးစပ်သူကပြောသည်။
လက်ရှိ သေဆုံးသူသားအမိ၏ ရုပ်အလောင်းကို ၎င်းတို့နေထိုင်ရာမြို့ရှိ ဆေးရုံတွင်ထားရှိကြောင်း သိရသည်။
ဒေါ်ကျင်ရွေ သေဆုံးချိန်တွင် ခင်ပွန်းဖြစ်သူ ဦးဖိုးရင်သားနှင့် သမီးအပါအဝင် မြေးသုံးယောက်ကျန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ထားဝယ်မြို့နယ် ရှမ်းမတွင်းကျေးရွာအုပ်စု တောနားရွာဇာတိဖြစ်သည်။