BREAKING
February 15, 2025

ခေတ်သစ်ကမ္ဘာ့ရန် ‘ရှားချူးဖန်’

February 14, 2025

အဂ္ဂါတစ်ယောက် ရီတာ့ကို စတွေ့ခဲ့တာက Linkedin ပေါ်မှာပါ။ အဂ္ဂါဟာ ကနေဒါဆော့ဝဲကုမ္ပဏီတစ်ခု အလုပ်လုပ်ခဲ့ပါတယ်။ ရီတာကတော့ စင်္ကာပူက အတိုင်ပင်ခံကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ခဲ့သူပါ။

သူတို့နှစ်ယောက်က သူငယ်ချင်းအဆင့်ပါပဲ။ ဒါပေမဲ့အွန်လိုင်းပေါ်မှာတော့ တချိန်လုံးစာပို့နေခဲ့ကြတယ်။ တနေ့မှာတော့ ရီတာက အဂ္ဂါကို ခရစ်တိုငွေကြေးကုန်သွယ်မှုလုပ်နည်း သင်ပေးမယ်လို့ ကမ်လှမ်းခဲ့တယ်။ ရီတာရဲ့ သင်ကြားပြသကူညီမှုနဲ့ အဂ္ဂါဟာ ခရစ်တိုငွေကြေးကုန်သွယ်မှုကနေ ပိုက်ဆံအများကြီးရလာခဲ့တယ်။ ပိုက်ဆံအများကြီးရလာခဲ့ပြီလို့ သူ ထင်ခဲ့တယ်။

အဂ္ဂါဟာ ပိုက်ဆံတွေ ပုံအောရင်းနှီးမြှုပ်နှံလာခဲ့တယ်။ သူ့ပိုက်ဆံတွေကို ပြန်ထုတ်ဖို့ ကြိုးစားလိုက်တဲ့အချိန်မှပဲ အဂ္ဂါဟာ သူ အသုံးပြုနေတဲ့ ခရစ်တိုငွေကြေးကုန်သွယ်မှု ဝက်ဆိုဒ်က အတုကြီးဆိုတာ သိလိုက်ရတယ်။ အမေရိကန်ဒေါ်လာ ၇၈,၀၀၀ ကို သူ ဆုံးရှုံးလိုက်ရတယ်။ ရီတာဆိုတာကလည်း မြန်မာပြည်က လှောင်ပိတ်ခံထားရတဲ့ နေရာတစ်ခုမှာ လူကုန်ကုန်းခံရပြီး အကျဉ်းသူတစ်ယောက်လို ထိန်းချုပ်စေစားခံနေရတဲ့ ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက် ဖြစ်နေတယ်။

အဂ္ဂါနဲ့ ရီတာတို့ နှစ်ယောက်စလုံးဟာ သူ့နည်းသူ့ဟန်နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းရဲ့ သားကောင်တွေ ဖြစ်ခဲ့ရရှာသူတွေပါပဲ။ ဒါဟာ ခေတ်မီဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ လျင်လျင်မြန်မြန်ကြီးထွားလာနေတဲ့ကမ္ဘာလုံးဆိုင်ရာဧရာမစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံးရတဲ့ စီးပွားရေးတွေထဲကတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က သားကောင်တွေဆီကနေ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက ခိုးယူနေတဲ့ ငွေပမာဏဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရှိပါတယ်။

ကျားဖြန့်ထီးရိပ်အောက်က ရှားချူးဖန်

ဒီလိုမျိုး အွန်လိုင်းငွေလိမ်လုပ်ငန်းကို တရုတ်ဗန်းစကားနဲ့ ‘ရှားချူးဖန်’လို့ ခေါ်ပါတယ်။ တရုတ်လို ‘ဝက်သတ်စီးပွားရေး’လို့ အဓိပ္ပါယ်ပေါက်ပါတယ်။ မြန်မာပြည်မှာ တွင်ကျယ်နေတဲ့ ‘ကျားဖြန့်’ဆိုတဲ့ စကားလုံးက တရုတ်ဘာသာစကားမှာ လိမ်လည်လှည့်ဖျားမှုအားလုံးကို ခြုံပြီးပြောတဲ့ စကားလုံးဖြစ်ပါတယ်။ မြန်မာတွေ ‘ကျားဖြန့်’လို့ သိထားကြတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းကို နိုငံငံတကာမှာတော့ ‘Pig-Butchering’ (ဝက်သတ်စီးပွားရေး) ဆိုတဲ့ အသုံးနဲ့ တွင်တွင်ကျယ်ကျယ် သိကြပါတယ်။

ရှားချူးဖန်စီးပွားရေးမှာ ပထမဆုံးအနေနဲ့ အွန်လိုင်းငွေလိမ်သမားတွေဟာ ဆိုရှယ်မီဒီယာအကောင့်တုတွေနဲ့ အွန်လိုင်းပေါ်မှာ ကမ္ဘာအတုတစ်ခုကို ဖန်တီးပါတယ်။ ဒါက ဝက်ခြံခတ်တဲ့သဘောပါ။ ပြီးတော့ သူတို့ ပစ်မှတ်ထားမျှားခေါ်မယ့် သားကောင်ကို ရွေးချယ်ပါတယ်။ ဒါက သတ်ပစ်ခံရမယ့် ဝက်ကို ရွေးတာပါ။ သားကောင်ကို ရွေးချယ်သတ်မှတ်ပြီးတာနဲ့ အဲဒီသားကောင်နဲ့ ရင်းနှီးယုံကြည်မှုရအောင် ရက်သတ္တပတ် သို့မဟုတ် လနဲ့ချီကြာအောင် ဖြည်းဖြည်းချင်း ဖန်တီးယူပါတယ်။ ဒါက ဝက်ကို အစာဝဝကျွေးပြီး မွေးမြူထားတဲ့သဘောပါ။ ယုံကြည်ရင်းနှီးမှုရလာပြီးတဲ့နောက် သားကောင်တွေဘက်ကနေ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်လာအောင် လှည့်ဖျားသိမ်းသွင်းပါတယ်။ ဒါက ဝက်ကို သတ်လိုက်တာပါပဲ။ အဲဒီနောက် အွန်လိုင်းငွေလိမ်သမားတွေဟာ သားကောင်ဆီက ရနိုင်သမျှ ငွေတွေအားလုံးကို လှည့်ဖျားသိမ်းပိုက်လိုက်ပါတယ်။ သားကောင်ရဲ့ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေဆီက ငွေတွေတောင်မှ ပါသွားလိုက်ရတာမျိုးလည်း ရှိပါတယ်။ဒါကတော့ ဝက်ကိုယ်တွင်းကနေ အဆီနဲ့ အသား ရသမျှ ထုတ်ယူလိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်ဝန်းကျင်မှာ တရုတ်ပြည်ကနေ အစပြုပေါ်ပေါက်လာတဲ့ ရှားချူးဖန်အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ ကမ္ဘာနဲ့ချီပြီး လျှင်လျှင်မြန်မြန် ကြီးထွားလာနေပါတယ်။ ဒီနေ့ခေတ် စင်္ကာပူမှာ အဖြစ်များဆုံး ရာဇဝတ်မှုဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ ၂၀၂၃ ခုနှစ်မှာ ကမ္ဘောဒီးယားနဲ့ မြန်မာက တရားမဝင်အွန်လိုင်းငွေလိမ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ လူအရေအတွက်ဟာ နှစ်သိန်းခွဲနီးပါး ရှိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် တစ်သန်းခွဲဝန်းကျင်ရှိတယ်လို့ဆိုတဲ့ နောက်ထပ်ခန့်မှန်းချက် တစ်ခုတစ်ခုလည်း ရှိပါတယ်။

“ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ပစ်မှတ်ထားတာ မခံရဖူးတဲ့ နိုင်ငံဆိုလို့ ကမ္ဘာမှာ မရှိဘူး”

အမေရိကန်နိုင်ငံ ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tower က Time မဂ္ဂဇင်းက ပြောခဲ့ဖူးပါတယ်။

“ဒါဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ဖြေရှင်းမှုကို လိုအပ်နေတဲ့ ပြဿနာပဲ”

အမေရိကန်နိုင်ငံ ၊ မင်နီဆိုးတားပြည်နယ်က အမျိုးသားတစ်ယောက်ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းရဲ့ သားကောင်ဖြစ်ပြီး ဒေါ်လာ ၉ သန်းကျော် ဆုံးရှုံးလိုက်ရတယ်လို့ ကမ္ဘာကျော် The Economist မဂ္ဂဇင်းက ဆိုထားပါတယ်။ အမေရိကန်နိုင်ငံ ၊ ကန်းဆတ်ပြည်နယ် ကျေးလက်ပြည်နယ်က အသေးစားဘဏ်တစ်ခုဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အမှုဆောင်အရာရှိချုပ်ကြောင့် ဘဏ်တစ်ခုလုံး လဲပြိုသွားခဲ့ပါတယ်။

ဘဏ်အမှုဆောင်အရာရှိချုပ်ဟာ ဘယ်လာလို့ နာမည်တပ်ထားတဲ့ အွန်လိုင်းပေါ်က အမျိုးသမီးတစ်ယောက်နဲ့ သိကျွမ်းခင်မင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးရဲ့ လမ်းညွှန်မှုနဲ့ ဘဏ်အမှုဆောင်အရာရှိချုပ်က ခရစ်တိုငွေကြေးကုန်သွယ်မှုလုပ်ဖို့အတွက် သူ့ရဲ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ ၄၇ သန်း အလွဲသုံးစားလုပ်ခဲ့ပါတယ်။

အချိန်ပိုင်းခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်လည်း ဖြစ်တဲ့ ဘဏ်အရာရှိဟာ ဘုရားကျောင်းက ပိုက်ဆံတွေကိုလည်း ခိုးခဲ့ပါသေးတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းရဲ့ စက်ကွင်းမိပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြသူတွေအထိ ရှိပါတယ်။

ဘယ်သူမှ မလုံခြုံတော့ဘူး

လက်ရှိကမ္ဘာမှာ တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ တရားမဝင်မူးယစ်ဆေး ကုန်သွယ်မှုနီးနီး ကြီးမားကျယ်ပြန့်နေပါတယ်။ ဒါပေမဲ့ တရားမဝင်မူးယစ်ဆေးဝါး ကုန်သွယ်မှုထက် အွန်လိုင်းငွေလိမ်လုပ်ငန်းက ပိုဆိုးရွားတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီလိုပြောနိုင်စေတဲ့ အကြောင်းအရင်းအချို့လည်း ရှိနေတာပါ။

တစ်ခုသော အကြောင်းအရင်းကတော့ လူတစ်ယောက်ဟာ ဥပဒေဘောင်ထဲက သူ့ရဲ့ နေ့စဉ်ဘဝ ပုံမှန်လည်ပတ်လှုပ်ရှားရင်းနဲ့ မမျှော်လင့်ဘဲနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းရဲ့ သားကောင်ဖြစ်သွားနိုင်တာပါပဲ။ အွန်လိုင်းငွေလိမ်လုပ်ငန်းကြောင့် သားကောင်ဖြစ်ခဲ့ရသူတွေထဲမှာ ဦးနှောက်အာရုံကြောသိပ္ပံဘာသာရပ်မှာ ပါရဂူဘွဲ့ရထားသူကနေ အမေရိကန် FBI အေးဂျင့်တွေရဲ့ မိသားစုဝင်တွေအထိ ပါဝင်တယ်လို့ The Economist မဂ္ဂဇင်းက ဆိုပါတယ်။ FBI ရဲ့ အလုပ်က အွန်လိုင်းငွေလိုင်းလုပ်ငန်းတွေကို တားဆီးဖို့ပါ။

အွန်လိုင်းငွေလိမ်သမားတွေဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အသုံးချပြီး အဲဒီလူကို လှည့်စားနိုင်မယ့် အသေးစိတ်လုပ်ပုံကိုင်ပုံတွေကို လေ့ကျင့်သင်ကြားပေးခံထားရပါတယ်။ အဲဒီအသေးစိတ်နည်းစနစ်တွေအတိုင်း သူတို့က လူတွေကို ကျော့ကွင်းထဲ လှည့်ဖျားသိမ်းသွင်းပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ သားကောင်နဲ့ သမီးရည်းစားဆက်ဆံရေးထူထောင်တဲ့ နည်းလမ်းတစ်ခုကိုပဲ ထောင်ချောက်အနေနဲ့အသုံးပြုတာ မဟုတ်ပါဘူး။

လူသားစိတ်သဘာဝရဲ့ အားနည်းချက်အားလုံးကို ကျော့ကွင်းအနေနဲ့ သူတို့က အသုံးချပါတယ်။ ကြောက်ရွံမှု ၊ အထီးကျန်မှု ၊ သိမ်ငယ်မှု ၊ ငြီးငွေ့မှု။ ဒီစိတ်ခံစားချက်တွေကို လေ့လာအမြတ်ထုတ်ပြီး သားကောင်ကို ထောင်ချောက်ထဲ ရောက်အောင် ဖြည်းဖြည်းချင်း မျှားခေါ်တာမျိုးပါ။

ဥပဒေလက်တံအောက်က လွတ်မြောက်နေမှု

နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တရားဥပဒေစိုးမိုးရေးက လက်လှမ်းမမီတာပါပဲ။ လက်တွေ့ကမ္ဘာမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ပြင်ပလောကကနဲ့ အဆက်ဖြတ်လှောင်ပိတ်ထားတဲ့ နေရာတွေမှာ လည်ပတ်လုပ်ကိုင်နေကြတာပါ။ အကျဉ်းထောင်နဲ့ ခေတ်ဟောင်းစက်ရုံမြို့ငယ်ပုံစံကို ပေါင်းထားတဲ့နေရာတွေလိုမျိုးမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လည်ပတ်နေတဲ့နေရာတွေမှာ စူပါမားကက် ၊ ဆောင်ကြာမြိုင် ၊ လောင်းကစားရုံ အစုံရှိပါတယ်။ နောက်ထပ်ရှိနေသေးတာတစ်ခုကတော့ သူတို့ကို ပြဿနာတက်စေမယ့် အွန်လိုင်းငွေလိမ်ဂိုဏ်းအဖွဲ့ဝင်တွေကို နှိပ်စက်တဲ့ အခန်းတွေပါပဲ။

“ကျွန်တော့်အဝတ်အစားတွေကို သူတို့ ဆွဲချွတ်တယ်။ ကျွန်တော့်ကို ကုလားထိုင်မှာ ထိုင်ခိုင်းပြီး ခြေထောက်ကို လျှပ်စစ်ရှော့ခ်ရိုက်တယ်။ ကျွန်တော် သေရတော့မယ်လို့ ထင်ခဲ့တယ်”

မြန်မာပြည်က အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကနေ ပြန်လွတ်လာတဲ့ အသက် ၂၄ နှစ်အရွယ် သီရိလင်္ကာနိုင်ငံသားတစ်ယောက်က သူ နှိပ်စက်ခံခဲ့ရတဲ့အကြောင်းကို ပြန်ပြောပြပါတယ်။

“သူတို့ ပြောတာကို မနာခံတဲ့အတွက် ကျွန်တော့်ကို ၁၆ ရက်ကြာအောင် ပိတ်လှောင်ထားခဲ့တယ်။ ဆေးလိပ်ပြာနဲ့ ဖင်စီခံတွေ ရောပါနေတဲ့ ရေတစ်မျိုးတည်းပဲ ကျွန်တော့်ကို တိုက်ခဲ့တယ်”

သူ ပိတ်လှောင်ခံရပြီး ငါးရက်လောက်ကြာတဲ့ချိန်မှာ မိန်းကလေးနှစ်ယောက်ကို ဆွဲခေါ်လာပြီး သူ့မျက်စိရှေ့တည့်တည့်မှာပဲ အုပ်စုဖွဲ့မုဒိမ်းကျင့်ပြခဲ့တယ်လို့ သူက ဆိုပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ သူတို့ ရလာတဲ့ အကျိုးအမြတ်ထဲက အချို့ကို သူတို့အတွက် အကာအကွယ်ရအောင် နိုင်ငံရေးသမားနဲ့ အစိုးရအရာရှိအချို့ကို လျှို့ဝှက် လက်သိပ်ထိုး လာဘ်ပေးထားတဲ့နေရာမှာ သုံးနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံထဲက ဆင်းရဲတဲ့ မြို့ငယ်လေးတစ်မြို့မှာ မြို့တော်ဝန်ဖြစ်လာခဲ့တဲ့ အဲလစ်ဂဝေါ(Alice Guo)ဆိုတဲ့ တရုတ်အမျိုးသမီးဟာ အဆောက်အအုံ ၃၀ ဝန်းကျင်နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းမြို့တစ်မြို့ကို တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတောအတွင်း အဲလစ်ဂဝေါရဲ့ ဘဏ်အကောင့်ထဲကို အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ဖြတ်သန်းစီးဆင်းခဲ့ပါတယ်။

ကမ္ဘာဒီးယား ၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ နိုင်ငံ့စီးပွားရေးရဲ့ အကြီးစားအစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်လို့ The Economist မဂ္ဂဇင်းက ဆိုပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းကွန်ရက်တွေရဲ့ ကုပ်တွယ်ထိန်းချုပ်မှုကို ခံထားရတဲ့ နိုင်ငံတွေဟာ မူးယစ်ဂိုဏ်းကွန်ယက်တွေ ဖြန့်ကျက်ချုပ်ကိုင်ခံထားရတဲ့ နိုင်ငံတွေထက် တရားဥပဒေစိုးမိုးမှုဖော်ဆောင်ဖို့ ပိုအခက်တွေ့တယ်လို့လည်း ဆိုပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းသမားတွေကို အွန်လိုင်းကမ္ဘာထဲကနေ လိုက်ခြေရာခံဖို့ကတောင် မလွယ်ကူပါဘူး။ အွန်လိုင်းငွေလိမ်ကွန်ရက်တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ တရုတ်ဒုစရိုက်ဂိုဏ်းတွေဟာ မာဖီးယားဂိုဏ်းတွေလိုမျိုး အထက်အောက်ပုံစံ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ယာယီ သို့မဟုတ် အချိန်ပိုင်းလုပ်ကိုင်ပါဝင်နေကြတဲ့ မြေအောက်ဒုစရိုက်သမားတွေရဲ့ စီးပွားရေးလောကတစ်ခုလို လည်ပတ်နေတာ ဖြစ်ပါတယ်။

သူတို့ ကွန်ရက်ထဲမှာ အဖွဲ့တစ်ဖွဲ့က သားကောင်ရှာဖွေတဲ့အပိုင်းကို အာရုံစိုက်ပါတယ်။ အခြားအဖွဲ့တစ်ဖွဲ့ကတော့ သားကောင်ကို လိမ်လည်ဖန်တီးထားတဲ့ ခရစ်တိုငွေကြေးကုန်သွယ်မှုထဲမှာ ရင်းနှီးမြှုပ်နှံလာအောင် ဖြားယောင်းပါတယ်။ နောက်တစ်ဖွဲ့ကတော့ သူတို့ လိမ်ထားတဲ့ ပိုက်ဆံတွေကို ငွေကြေးခဝါချတဲ့အပိုင်းမှာ လုပ်ဆောင်ပါတယ်။ အွန်လိုင်းပေါ်ကတစ်ဆင့် လူသားစိတ်ခံစားချက်တွေကို ခြယ်လှယ်အမြတ်ထုတ်ပြီး ငွေလိမ်တဲ့ နည်းလမ်းတွေကို ကြီးကြီးမားမား အတိုင်းအတာနဲ့ လုပ်ကိုင်နိုင်ကြပါတယ်။

ခေတ်မီဆန်းသစ်မှု

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက မူးယစ်ဆေးဝါးဂိုဏ်းတွေထက် ပိုဆိုးရွားတယ်လို့ ဆိုရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အင်မတန်ခေတ်မီ ဆန်းသစ်နေကြတာပါပဲ။ ငွေလိမ်ဂိုဏ်းတွေဟာ အဆင့်မြင့်ဆော့ဖ်ဝဲတွေကို သုံးပြီး လူတွေရဲ့ ဖုန်း ၊ ကွန်ပျူတာတွေကတစ်ဆင့် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ခိုးယူပါတယ်။ ခရစ်တိုငွေကြေးစနစ်ကနေ သူတို့လိမ်လည်ထားတဲ့ ငွေတွေကို မြန်မြန်ဆန်ဆန် လျှို့လျှို့ဝှက်ဝှက်နဲ့ နေရာရွှေ့နိုင်ကြပါတယ်။ ခရစ်တိုငွေကြေးစနစ်မှာ ကောင်းတဲ့အချက်တွေ ရှိပါတယ်။ ဒါပေမဲ့အမေရိကန်နိုင်ငံမှာ ခရစ်တိုငွေကြေးစနစ်ထိန်းချုပ်မှုဥပဒေတွေကို ဖြေလျှော့လိုက်တာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် အခွင့်အလမ်းအသစ်တွေ ရလာစေပါတယ်။

အွန်လိုင်းငွေလိုင်းဂိုဏ်းတွေရဲ့ခေတ်မီဆန်းသစ်မှုကို အေအိုင်ကလည်း အရှိန်တင်ပေးပါတယ်။ ဒီနေ့ခေတ်မှာ လူတစ်ယောက်ရဲ့ ၁၅ စက္ကန့်စာ စကားပြောသံကို သုံးပြီး အဲဒီလူရဲ့ အသံတုကို အေအိုင်နဲ့ ဖန်တီးလို့ ရနေပါပြီ။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကလည်း အဲဒီနည်းကို သုံးပြီး ဟန်ဆောင်လိမ်လည်တာတွေ လုပ်နေကြပါပြီ။ ဗြတိန်အင်ဂျင်နီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Arup ကုမ္ပဏီရဲ့ ဟောင်ကောင်ရုံးက ဝန်ထမ်းတစ်ယောက်ဟာ ဒီလိုနည်းနဲ့ အမေရိကန်ဒေါ်လာ ၂၅ သန်း အလိမ်ခံလိုက်ရပါတယ်။ အေအိုင်ရဲ့ အကူအညီနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ နေရာတော်တော်များများမှာ သားကောင်တွေကို ပိုရှာဖွေလာနိုင်ခဲ့ပါတယ်။

မူးယစ်ဂိုဏ်းတွေထက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက တိုက်ဖျက်ရတာ ပိုခက်ခဲနိုင်ပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ မတူတာက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ ဥပဒေနဲ့ တရားဝင်ထိန်းချုပ်ဖို့ ရွေးချယ်စရာနည်းလမ်းမရှိတာပါပဲ။ လူတွေကို ပညာပေးတဲ့နည်းတစ်ခုကတော့ အထောက်အကူဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။

စင်္ကာပူက အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအကြောင်း လူထုအသိပညာပေးကြော်ငြာတွေကို မကြာခဏ ပြသနေပါတယ်။ အွန်လိုင်းအရောင်းအဝယ်တွေမှာလည်း သတိပေးချက်တွေ ဖော်ပြနေပါတယ်။ ဒါပေမဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင်ဖို့ လိုပါတယ်။

သူခိုးကြီးတိုက်ဖျက်ရေး

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အတွက် အစိုးရတွေအနေနဲ့ ကိုယ်ပိုင်ကွန်ရက်တွေကို ဖြန့်ကျက်တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိကမ္ဘာမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတိုက်ဖျက်ရေးအတွက် အရင်းအမြစ် ကြီးကြီးမားမား မြှုပ်နှံထားတဲ့ ရဲတပ်ဖွဲ့တွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းပြဿနာကိုတော့ အသေးအမွှားတစ်ခုလို ရှုမြင်နေကြတယ်လို့ The Economist မဂ္ဂဇင်းက ဆိုပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို ငတုံးငအတွေလို့ ထင်နေကြတယ်လို့ ဆိုထားပါတယ်။

ဘဏ် ၊ ခရစ်တိုအိတ်ချိန်း ၊ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ ၊ တယ်လီကွန်းကုမ္ပဏီ ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းကုမ္ပဏီ ၊ e-commerce လုပ်ငန်း စတာတွေနဲ့ ရဲတပ်ဖွဲ့က လက်တွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ငွေလွှဲပြောင်းမှုလုပ်တာနဲ့ လျင်လျင်မြန်မြန် ခြေရာခံပြီး ဘဏ်အကောင့်ကို ပိတ်သိမ်းနိုင်မယ့် ဗဟိုဌာနတစ်ခုကို ဖန်တီးပါတယ်။ အဲဒီဗဟိုဌာနကို ရဲ ၊ ဘဏ်နဲ့ e-commerce လုပ်ငန်းတွေနဲ့ ပူးပေါင်းလည်ပတ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ မိမိနိုင်ငံ နယ်ခြားမျဉ်းတွေကို ကျော်ကြည့်ကြဖို့လည်း လိုအပ်ပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက သူတို့ လိမ်ထားတဲ့ ငွေတွေနဲ့ သူတို့လူတွေကို နိုင်ငံအသီးသီးကို ရွှေ့ပြောင်းဖြန့်ကျက်နေတဲ့အချိန်မှာ ကမ္ဘာပေါ်က တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေက အမီမလိုက်နိုင်ဘဲ ပြတ်ကျန်နေခဲ့ပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တော်တော်များများက တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

တရုတ်အစိုးရဟာ ထောင်နဲ့ချီတဲ့ သံသယရှိအွန်လိုင်းငွေလိမ်ဂိုဏ်းသမားတွေကို နှစ်စဉ်ဖမ်းဆီးနေပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ အစွမ်းအစနဲ့ အရွယ်အစားကို ဒီကမ္ဘာမှာ တရုတ်အစိုးရလောက် ဘယ်အစိုးရမှ နားမလည်ပါဘူး။အမေရိကန်နဲ့ တရုတ်ဟာ တစောင်းစေးနဲ့ မျက်ချေးဖြစ်နေပေမယ့် လူသားတိုင်းရဲ့ အကျိုးအတွက် အွန်လိုင်းငွေလိမ်လုပ်ငန်းစီးပွားရေးကို တိုက်ဖျက်ဖို့ ဒီနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်သင့်တယ်။ လုပ်မယ်ဆိုရင် လုပ်နိုင်တယ်လို့ The Economist က ဆိုပါတယ်။

Jason Tower က အခုလို ပြောပါတယ်။

“ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းအန္တရာယ်ကို လျှော့ချပြီး နောက်ထပ်မပြန့်ပွားအောင် တားဆီးဖို့ အခွင့်အရေးတစ်ခု ရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲဒါကို လုပ်ဖို့အတွက်ဆိုရင် နိုင်ငံတွေဟာ သေချာဂရုတစိုက်နဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်”

Ref: The Economist, Time, South China Morning Post, BBC

ဈာန်ဟိန်း