လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ဒေသခံများ ပိုင်ဆိုင်သောပစ္စည်းများကို ယင်းရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခိုးယူပြီး ရောင်းချနေကြောင်း ဒေသထံတို့ထံမှ သိရသည်။
ကျောက်နီမော်ရွာသားများပိုင်သည့် ငါးဖမ်းစက်လှေပေါ်ရှိ စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ နေအိမ်များမှ အိမ်သုံးပရိဘောဂပစ္စည်းများကို စိတ်တိုင်းကျရွေးယူပြီး ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
လူသူမရှိသည့် ကျောက်နီမော်ရွာထဲရှိ နေအိမ်များမှ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထင်တိုင်းကြဲဖြုတ်ယူပြီး ယင်းပစ္စည်းများကို ထားဝယ်မြို့သို့ ပုံမှန်ပြေးဆွဲနေသည့် ကားပေါ်တင် ပေးနေသည်ဟု ၎င်းတို့ကဆိုသည်။
“အိမ်ပေါ်က ပစ္စည်းတွေကို အကုန်သယ်ချပြီး အိမ်ရှေ့မှာပဲ တန်းစီပြီးပုံထားတယ်။ ဗီဒိုတွေဆို အိမ်ရှေ့မှာတန်းစီနေတာပဲ။ ကားလာရင် အဲကားပေါ်ကို အကုန်တင်ပေးလိုက်တာ” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်မြို့ပေါ်တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အချိတ်အဆက်လုပ်ထားသူတစ်ဦးက ပစ္စည်းလက်ခံပေးပြီး ရောင်းချပေးကြောင်းဆိုသည်။
ရရှိလာသည့် ငွေကြေးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ကားသမားနှင့် ပစ္စည်းရောင်းချပေးသူတို့က ခွဲဝေယူကြသည်ဟုလည်း ဒေသခံတို့က ဆိုသည်။
“ငါးသောင်းတန်ပစ္စည်းတစ်ခုကို ရွာကကောင်တွေကို (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို) တစ်သောင်းလောက်ပေးလိုက်တာနဲ့ အဲဒီကောင်တွေကအရမ်းဝမ်းသာနေကြတာ။ ကျန်တာကိုတော့ ကားသမားနဲ့ ရောင်းပေးတဲ့သူတွေယူကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်ကစပြီး ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီစခန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုကဦးဆောင်ပြီး တစ်ပတ်ကျော်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ ပေါင်းပြီးအပြင်းအထန်ခုခံခဲ့ကြသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ကျောက်နီမော်ကျေးရွာတွင် နေအိမ်ရာချီမီးလောင်ပျက်စီးခဲ့ရသည်။
ထိုတိုက်ပွဲဖြစ်ချိန်ကစပြီး ကျောက်နီမော်ဒေသခံများမှာ ရွာထဲမပြန်ရဲကြတော့သဖြင့် ရွာပျက်ကြီးဖြစ်နေပြီဖြစ်သည်။
ထိုကဲ့သို့ ရွာထဲသို့ လူသူဝင်ထွက်မရဲသည့်အခြေအနေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အခွင့်ကောင်းယူပြီး ရွာသားများ၏ပစ္စည်းများကို ထင်တိုင်းကြဲ ဖြုတ်ရောင်းနေကြခြင်းဖြစ်သည်။
“ဒီအတိုင်းပဲ ဘာမှမလုပ်ပဲ လွှတ်ထားရင်တော့ ရွာသားတွေမှာ ဘာမှကျန်တော့မှာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုကဲ့သို့တိုက်ပွဲပြီးသည့် ဒီဇင်ဘာလကစပြီး ယနေ့အချိန်အထိ တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြုတ်ယူရောင်းချထားသည့် ပြည်သူပိုင်ပစ္စည်း အလွန်များပြားနေပြီဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောဆိုကြသည်။