မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများနှင့် KNU ဗဟို၏ ထုတ်ပြန်ချက်တို့အရ သိရသည်။
သထုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၁၃ ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီကျော်က ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် အနီးနားဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား သုံးဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။
ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း ဆိုသည်။
နေ့လယ်နှင့် ညနေပိုင်းတို့တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ကျေးရွာ စာသင်ကျောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁၃ရက်တွင်ပင် ဘီးလင်းမြို့နယ် တဂေးလောင်းချောင်းဖျားကျေးရွာကို လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခိုက်သောကြောင့် ခရစ်ယာန်ဘုရားကျောင်းတစ်ဆောင်နှင့် လူနေအိမ် ၁၇လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း ဖော်ပြသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့က ဒေသခံများရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
![](https://www.daweiwatch.com/wp-content/uploads/2025/02/477583046_960299982871877_6509848766101965627_n-1024x682.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/480083843_960351669533375_8342719369388186920_n-1024x682.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/477794546_960299979538544_8973818215945931963_n-1024x682.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/477577579_960300116205197_3649564189891697936_n-1024x682.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/476960823_960300339538508_7516218570899645981_n-1024x682.jpg)
“လေယာဉ်နဲ့ ဗုံးလာကြဲနေလို့ အခုဆိုရင် တချို့ရွာက ရွာလုံးကျွတ် ထွက်ပြေးနေကြရတာ ရှိတယ်။ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ လေယာဉ်နဲ့ရော ဒရုန်းနဲ့ရော ဗုံးလာကြဲနေတယ်။ လက်နက်ကြီးနဲ့လည်း လှမ်းပစ်နေတာရှိတယ်။ အိမ်တွေလည်း ပျက်စီးကုန်ပြီ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူပိုင် နေအိမ်များကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီသည် သထုံခရိုင်တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး ယခု ဖေဖော်ဝါရီလအတွင်း နေ့တိုင်းလိုလို လေကြောင်းဖြင့်တိုက်ခိုက်နေကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၁ရက်တွင် သိမ်းပိုက် ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် KNU တပ်မဟာ (၁) နယ်မြေအတွင်းကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးချခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။