ထိုင်းက မြန်မာစစ်တပ်အတွက် လူသစ်စု ပေးနေသလော
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ရက်နှစ်ဆယ်နီးပါးနေပြီးနောက် မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲတော့မည်ဆို၍ ကိုအောင်မျိုးကျော်တစ်ယောက် ဝမ်းသာနေသည်။
ထိုင်းလဝက၏ ကျဉ်းကျပ်သည့် အချုပ်ခန်းအတွင်းမှ မွေးရပ်မြေ ကော့သောင်း နေအိမ်ကို ပြန်ရောက်တော့မည် မဟုတ်ပါလား။
သို့သော်ယင်းလွှဲပြောင်းမှုက ကိုအောင်မျိုးကျော်အတွက် မျှော်လင့်မထားသည့် ကြမ္မာဆိုးတွေနှင့် ကြုံရတော့မည် ဆိုခြင်းကို ထိုစဉ်ကမသိခဲ့။
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုအောင်မျိုးကျော် အပါအဝင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၂၀ ဦးကို ထိုင်းလဝကအချုပ်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကော့သောင်းဘက်သို့ ပဲ့ချိတ်လှေငယ်များဖြင့် ပြည်တော်ပြန်ပို့လိုက်သည်။
ကော့သောင်းရောက်ချိန်တွင် မြန်မာစစ်တပ် ဗိုလ်မှူးတစ်ဦး ဦးဆောင်သည် စစ်ကောင်စီတပ်သားများက ပြည်တော်ပြန်ပို့ ခံရသူများကို မိုးလုံလေလုံအားကစားရုံကြီးအတွင်း နေရာချထားလိုက်သည်။ ယင်းနောက်စစ်ကောင်စီ၏ ကော့သောင်းအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၂၆၂ ဆီ ထပ်မံပို့ဆောင်လိုက်သည်။
“လက်မှတ်ထိုးပြီးရင် အိမ်ပြန်ပို့ပေးမယ်ပေါ့။ အဲလိုပြောတယ်။ အဲလိုပြောပြီး (ခမရ) ၂၆၂ တပ်ကိုရောက်တော့ ဘားတိုက်မှာထားပြီးတော့ နောက်မှစစ်တပ်ထဲဝင်ရမယ်ဆိုပြီး သိရတယ်”ဟု ကိုအောင်မျိုးကျော်က ပြောသည်။
ထိုအချိန်က ကိုအောင်မျိုးကျော်နှင့်အတူ ကော့သောင်းဘက်ပြန်ပို့ခံရသူများအနက် လူငယ်အမျိုးသား ၁၂၀ ဦးမှာ စစ်ကောင်စီ၏ အဓမ္မတပ်သားသစ်စုဆောင်းခြင်း ခံလိုက်ရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြစ်မှုအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးသည့် မြန်မာနိုင်ငံသားများကို ရနောင်းမြို့ရှိ လဝကအချုပ်ထောင်တွင် ထားရှိကာ မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းသို့ လစဉ်နီးပါး လွှဲပြောင်းနေသည်။
ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလက်သို့ ပြန်လွှဲခဲ့သည့်မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ရှိခဲ့သည်။ ယင်းမှာ ပြည်တော်ပြန်ပို့သည့် အဓိက နယ်စပ် ဂိတ်သုံးခုအနက် ရနောင်းဂိတ် တစ်ခုတည်းက ပြန်ပို့သည့် အရေအတွက် ဖြစ်သည်။
စစ်မှုထမ်း လိုအပ်ချက်ရှိနေသည့် စစ်ကောင်စီက ယင်းအခြေအနေကို အကောင်းဆုံးအသုံးချနေရာ ထိုင်းအစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေသည့် စစ်ကောင်စီကို ကူညီနေသကဲ့သို့ဖြစ်လာသည်။
စစ်မှုထမ်းဥပဒေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု
အသက် ၁၈-၃၅ နှစ်အရွယ် အမျိုးသား၊ အသက် ၁၈-၂၇ နှစ်အရွယ် အမျိုးသမီးများနှင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူဖြစ်လျှင် အမျိုးသား အသက် ၄၅ နှစ်၊ အမျိုးသမီး ၃၅ နှစ်အထိ စစ်မှုထမ်းသက် အကျုံးဝင်သည်ဟု စစ်ကောင်စီ၏ ဥပဒေတွင် ဖော်ပြထားသည်။
ယင်းဥပဒေအရ စစ်မှုထမ်း အသက်အရွယ်ရောက် နိုင်ငံသားတိုင်း ၂၄ လထက် မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်း ဆင့်ခေါ်နိုင်ပြီး ကျွမ်းကျင်သူများအတွက် (၃၆) လထက် မပိုသည့် ကာလအပိုင်းအခြား စစ်မှုထမ်း ဆင့်ခေါ်နိုင်သည်။
အရေးပေါ် အခြေအနေ ဖြစ်လျှင် စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
စစ်အုပ်စုသည် တရားမဝင် အကြမ်းဖက် အဖွဲ့ဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာ မရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ကောင်စီ အသက်သွင်းသည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်များအတွက် စိုးရိမ်စရာဖြစ်လာကြောင်း၊ စစ်ကောင်စီသည် တရားမဝင်သည့်အတွက် ယင်းဥပဒေကို အသက်သွင်းခြင်းသည်လည်း တရားမဝင်သည့်လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂတွင် ပြောကြားခဲ့သည်။
၂၀၂၄ ဖေဖော်ဝါရီ ၁၃ရက်နှင့် ၁၄ရက်နေ့တို့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ၌ ” The Impact Of Climate Change and Food Insecurity on the Maintenance of International Peace and Security’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်မိန်းခွန်းပြောစဉ် ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ပြည်တွင်းစစ်ဖြစ်နေသည့် မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းပြီး အဓမ္မစစ်သားစုဆောင်းမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကို ကြောက်ရွံ့သဖြင့် လူငယ်၊လူရွယ်များမှာ ပြည်တွင်း၌ မနေရဲတော့ဘဲ နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ သွားရောက်ကြရာတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုမှာ အများဆုံး ဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံတွင်လည်း တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများကို အရှိန်မြှင့်ဖမ်းဆီးနေပြီး ပြီးခဲ့သည့်နှစ် ဇွန်လ ၅ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိပြုလုပ်ခဲ့သည့် တရားမဝင်အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက် ၁၂၀ စီမံချက်ကာလအတွင်း မြန်မာနိုင်ငံသား ၁၂၈၉ ဦး အဖမ်းခံလိုက်ရသည်။
ထိုစီမံချက်နောက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်များအတွင်း ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ရာ မြန်မာအလုပ်သမား ရာပေါင်းများစွာ အဖမ်းခံကြရသည်။
ထိုသို့ဖမ်းဆီးခဲ့သူများကို ထိုင်းဥပဒေအရ အရေးယူပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။
ယင်းကြောင့်ဖမ်မိထားသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းနေခြင်းဖြစ်သည်။
ယင်းသို့ထိုင်းနိုင်ငံမှ လွှဲပြောင်းခဲ့သည့် မြန်မာလူငယ်များကို စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းနေသကဲ့သို့ ပြည်တွင်း၌လည်း ပေါ်တာဆွဲခြင်း အပါအဝင် နည်းမျိုးစုံသုံး၍ စစ်သားစုဆောင်းနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်ရ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း ၁၁၆၀ မှုနှင့် ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦး ရှိကြောင်း ဖော်ပြထားသည်။
ယင်းအချက်အလက်များမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့တိုင်ကြားလာသည်များနှင့် စနစ်တကျ ကောက်ယူ စုဆောင်းထားချက်များကို အခြေခံ ဖော်ပြထားခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမားရေးဌာန တာဝန်ခံ ကိုမင်းဦးကလည်း မြန်မာဘက်ပြန်ပို့ခံရသူများအနက် အရွယ်ကောင်းလူငယ်များကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ခေါ်ဆောင်လေ့ရှိသည်ကို ကြားသိရကြောင်း ပြောသည်။
“မြန်မာဘက်ခြမ်းကနေပြီးတော့ အရွယ်ကောင်းတွေ။ အထူးသဖြင့်ပေါ့နော်ယောကျ်ားလေးဆိုရင် ခေါ်ထုတ်သွားပြီး တော့ စစ်မှုထမ်းဖို့အတွက်ကို အဲလိုမျိုးပို့ဆောင်တာကို ခံရတယ်လို့ ဆွေမျိုးသားချင်းတွေ သတင်းတွေအရ သိရတယ်”ဟု ကိုမင်းဦးက ဆိုသည်။
ပြစ်ဒဏ်ပြီး စစ်ဒဏ်
ပြီးခဲ့သည့် ဇူလိုင်လက ထိုင်းဘက်မှ ပြန်ပို့ခံရသည့် ကိုအောင်မျိုးကျော်အပါအဝင် မြန်မာနိုင်ငံသား ၁၂၀ ဦးလည်း ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်ရင်းမှတစ်ဆင့် မြိတ်မြို့သို့ အပို့ခံလိုက်ရပြီး ယင်းမှတစ်ဆင့် ပလောက်မြို့သို့ ဆက်ပို့ခံလိုက်ရသည်။
ပုလောမြို့နယ် ပလောက်မြို့တွင် စစ်ကောင်စီ၏ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းရှိပြီး ယင်းသင်တန်းကျောင်းတွင် အခြေခံစစ်ပညာကို ၃လကြာ တက်ရောက်ခဲ့ရကြောင်း ကိုအောင်မျိုးကျော်က ဆိုသည်။
“ဒီဘက်(စစ်ကောင်စီ)နဲ့ ချိတ်ဆက်ပြီးပို့တာကတော့ မကောင်းဘူးပေါ့ခင်ဗျား။ကိုယ်က ပြစ်ဒဏ်လည်း ခံပြီးပြီဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာကိုပို့တယ်ဆိုရင် လွတ်လွတ်လပ်လပ်ပို့စေချင်တယ်”ဟု ကိုအောင်မျိုးကျော်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊လူမှုရေးအခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် FE5 Tanintharyi သုတေသနအဖွဲ့၏ လစဉ်အစီရင်ခံစာများအရ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ ၆၃၃၆ ဦးထက်မနည်း ရှိခဲ့သည်။
ယင်းသို့ ဖမ်းဆီးခံရသူအားလုံးကို ထိုင်းနိုင်ငံ၏ ဥပဒေအရအရေးယူပြီးနောက် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ အသုတ်လိုက်ခွဲပြီး ပြန်ပို့ခဲ့သည်။ ယင်းပြန်ပို့သည့် လုပ်ငန်းစဉ်က မြန်မာစစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းရန် အဓိကအရင်းအမြစ် ဖြစ်နေသည်။
စစ်ကောင်စီ၏ စစ်သင်တန်းကျောင်းသို့ အဓမ္မအပို့ခံရသည့်လူငယ်ထဲတွင် ကိုအောင်မျိုးကျော်နှင့်အတူ ကိုစန်းထွန်းအောင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ကိုစန်းထွန်းအောင်က ရနောင်းမြို့ရှိ သံပန်းလုပ်ငန်းတွင် လုပ်ကိုင်နေရာက နေထိုင်ခွင့်သက်တမ်းလွန်နေသဖြင့် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။
ထိုနောက် ရနောင်းမြို့ရှိ လဝကအချုပ်တွင် ၄၅ ရက်အကြာ ချုပ်နှောင်ခံရပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမြို့သို့ ပြန်ပို့ခံရသည်။
“လိမ်ပြီးတော့ခေါ်သွားတာပေါ့။ (မျောက်ကျောက်) ရောဂါကာကွယ်ဖို့ဆိုပြီးတော့ ။ ဟို(စစ်တပ်ထဲ)လည်းရောက်ရော လက်မှတ်ထိုးပြီး အိမ်ပေးပြန်မယ်လို့လည်း ပြောသေးတာပဲ” ဟုကိုစန်းထွန်းအောင်က ပြောသည်။
သို့သော် ကိုစန်းထွန်းအောင်တို့ ရောက်သွားသည်မှာ နေအိမ်ရှိရာကော့သောင်းမြို့မဟုတ်ဘဲ ပလောက်မြို့ရှိ စစ်သင်တန်းကျောင်းသို့ပင်။
ထိုင်းနိုင်ငံအတွင်း တရာမဝင်နေထိုင်မှုကြောင့် ထိုင်းအစိုးရချမှတ်သည့် ပြစ်ဒဏ်ခံထားရသော မြန်မာနိုင်ငံသား လူငယ်များမှာ ပြစ်ဒဏ်မှလွတ်မြောက်ချိန်တွင် စစ်မှုထမ်းရန် ပို့ဆောင်ခံရသကဲ့သို့ ဖြစ်နေသည်။
ထိုင်းမှာ အကာအကွယ်ရနိုင်သလား
ထိုင်းနိုင်ငံအခြေစိုက် PEACE RIGHT FOUNDATION မှ ထိုင်းနိုင်ငံသား အကြီးတန်းရှေ့နေ Mr.Chatchai Amornlerdwattana ကမူ အဖမ်းခံရသူ မိခင်နိုင်ငံသို့ပြန်ပို့ခံရချိန်တွင် အသက်အန္တရာယ် ကျရောက်နိုင်လျှင် ပြန်ပို့ခြင်းကိုတားမြစ်သည့် ဥပဒေ၊ ညွှန်ကြားချက်များ ထိုင်းနိုင်ငံတွင် ပြဌာန်းထားကြောင်း Dawei Watch ကို ပြောသည်။
လူအများ ညှင်းပန်းနှိပ်စက်ခံရမှုနှင့် လက်စဖျောက်ခံရမှုကို ကာကွယ်ပေးသော တော်ဝင်ဥပဒေ (၂၀၂၂ ခုနှစ်)နှင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာပြီး နေရပ်မပြန်နိုင်သော နိုင်ငံခြားသားများကိုစစ်ဆေးနိုင်သည့် ဝန်ကြီးချုပ်ရုံး၏ စည်းမျဉ်းဥပဒေ (၂၀၁၉ NSM) တို့ ဖြစ်ကြောင်း ရှင်းပြသည်။
PEACE RIGHT FOUNDATION သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မူလဇာတိနိုင်ငံများကို ပြန်ပို့ခံရနိုင်ခြေ ရှိသူများကို အကူအညီပေးနေသလို နိုင်ငံခြားသားများထိန်းသိမ်းထားသည့် အချုပ်ခန်းများမှ ပြန်လည် လွတ်မြောက်နိုင်ရန် အာမခံပေးခြင်း စသည်များကို ကူညီပေးနေသည့်အဖွဲ့အစည်းဖြစ်သည်။
“လူတစ်ယောက်ရဲ့ဘေးအန္တရာယ်၊ အသက်အန္တရာယ်အထိရှိမဲ့ကိစ္စကြုံရမယ်ဆိုရင် ပြန်ပို့လို့ မရဘူးဆိုတဲ့ ဥပဒေက သတ်မှတ်ထားတယ်။ အဲဒီအသက်အန္တရာယ်အထိ ကြုံနိုင်တယ်ဆိုတဲ့ဟာ ပြောတဲ့အချိန်မှာကျရင်လည်း တစ်ယောက်ချင်းစီကိုတော့ စိစစ်ရတယ်”ဟု အကြီးတန်းရှေ့နေ Mr.Chatchai Amornlerdwattana က ပြောသည်။
သို့ရာတွင် အဖမ်းခံရချိန်ကတည်းကပင် မြန်မာပြည်ပြန်ပို့ပါက အသက်အန္တရာယ်ကျရောက်နိုင်ကြောင်း ဖမ်းဆီးသည့်အရာရှိကို တင်ပြပြောဆိုနိုင်သလို ထိုင်းလဝက အရာရှိကိုလည်း တင်ပြတောင်းဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။
“စစ်မှုထမ်းရလို့ရှိရင် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ တွေ့ကြုံနိုင်တယ်။ ဘယ်လိုမျိုးအသက် အန္တရာယ်နဲ့ တွေ့နိုင်လဲ ဆိုတာတွေပေါ့နော်။ အဲလိုမျိုးကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာ (အဖမ်းခံရသူ) ဘက်က တင်ပြရမှာ ဖြစ်တယ်”ဟု Mr.Chatchai Amornlerdwattana က ပြောသည်။
တင်ပြတောင်းဆိုချိန်တွင် အသက်အန္တရာယ်ရှိနိုင်ကြောင်း ခိုင်လုံသည့် အထောက်အထားရှိရန် လိုအပ်သလို ထိုင်းအာဏာပိုင်ဘက်ကလည်း တင်ပြချက်အပေါ် ငြင်းဆိုပိုင်ခွင့်ရှိကြောင်း ၎င်းက ဆိုသည်။
ထိုကြောင့် တင်ပြတောင်းဆိုရာတွင် ထိုင်းရှေ့နေ၊ ထိုင်းဥပဒေပညာရှင်များ၏ အကူအညီကို ရယူသင့်ကြောင်း ၎င်းက အကြံပြုသည်။
ယင်းအပြင် ပြန်ပို့သည့်လုပ်ငန်းစဉ်တွင် ကာယကံရှင်ကိုယ်တိုင်က သဘောတူကြောင်း လက်မှတ်ထိုးရသည့်အတွက် ယင်းကဲ့သို့ လက်မှတ်ထိုးခိုင်းချိန်တွင် ပြန်ပို့ပါက အန္တရာယ်ရှိကြောင်းပြောဆိုကာ လက်မှတ်မထိုးဘဲ ငြင်းဆိုရမည်ဖြစ်ကြောင်း ထိုင်းရှေ့နေ Mr.Chatchai Amornlerdwattana က ပြောသည်။
“ပြန်ရင်သေနိုင်တယ်ဆိုတဲ့ဟာကို သိလျက်သားနဲ့ လက်မှတ်ထိုးထားတယ်ဆိုလို့ရှိရင် အဲဒီကိစ္စကို သတိထား ရမယ်ပေါ့နော်။ (လက်မှတ်)ထိုးလိုက်ပြီဆိုလို့ရှိရင် ဒီဘက်ကို ပြန်ပြောလို့မရတော့ဘူး”ဟု ၎င်းက ဆိုသည်။
ထိုသို့ တားမြစ်ချက်များ၊ ဥပဒေအကာအကွယ်များ ရှိနေသော်လည်း ဖမ်းဆီးခံမြန်မာနိုင်ငံသားများမှာ စစ်ကောင်စီလက်သို့ ပုံမှန်လွှဲပြောင်းခံနေရသည်။
ယင်းသို့ပြန်လွှဲခံရသည့် မြန်မာနိုင်ငံသားများ စစ်မှုထမ်းအခေါ်ခံနေရသည့် အခြေအနေတွင် လူ့အခွင့်အရေး မူဘောင်အပေါ်အခြေခံကာ ကိုင်တွယ်လုပ်ဆောင်သင့်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမားရေးဌာန တာဝန်ခံ ကိုမင်းဦးက ဆိုသည်။
“လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မူတွေကို အခြေတည်ပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး ထိုင်းနဲ့နိုင်ငံတကာ ဒါမှမဟုတ် ရင်လည်း အာဆီယံအသိုင်းအဝိုင်း ဒီလိုတွေကနေပြီးတော့ ဒီလိုမျိုးပြန်ပို့ရင် အဖမ်းမခံရရေး ဒါမှမဟုတ်လည်း ဒီဘက်မှာ ယာယီအဲလိုမျိုးထိန်းသိမ်းပြီးမှ အတိုင်းအတာကာလတစ်ခု အထိအစရှိသဖြင့် ပေါ့လေ”ဟု ကိုမင်းဦးက ပြောသည်။
သင်တန်းပြီး ရှေ့တန်း
ထိုင်းတောင်ပိုင်း ရနောင်းမြို့တွင် နေထိုင်ခွင့်ရက်ကျော်မှုဖြင့် ဖမ်းဆီးပြီး စစ်ကောင်စီလက်သို့ လွှဲပြောင်းခံလိုက်ရသည့် ကိုအောင်မျိုးကျော်နှင့် ကိုစန်းထွန်းအောင်တို့အပါအဝင် လူငယ်ရာချီက နေအိမ်များသို့ ပြန်မရောက်တော့ဘဲ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) ကို သုံးလကြာ တက်လိုက်ရသည်။
သင်တန်းကာလ ၁၂ ပတ်ပြည့်ပြီးနောက် ၎င်းတို့နှစ်ဦးစလုံး ဘုတ်ပြင်းမြို့နယ်ရှိ အမှတ် ၅၅၉ ခြေမြန်တပ်ရင်းတွင် တာဝန်ချထားခံရသည်။
ခမရ ၅၅၉ တပ်ရင်းမှာ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံတပ်ရင်းဖြစ်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဝန်းကျင်တွင် စစ်ဆင်ရေးဝင်နေရသည်။
စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်းစ ကိုစန်းထွန်းအောင်နှင့် ကိုအောင်မျိုးကျော်တို့ ဘုတ်ပြင်းအခြေစိုက် ခမရ ၅၅၉ တပ်ရင်းတွင် တာဝန်ကျသည် ဆိုသော်လည်း တပ်ရင်းမြေကိုပင် မနင်းလိုက်ရဘဲ ရှေ့တန်းကို တန်းပို့ခံ လိုက်ရသည်။
“သံဖြူဇရပ်က ရဲတံခွန်ဘက်ကို လုံခြုံရေးအနေနဲ့ ထွက်ရမယ်ဆိုလို့ (စစ်ကြောင်း) ထပ်ထွက်တယ်” ဟု ကိုစန်းထွန်းအောင်က ပြောသည်။
စစ်ကောင်စီတပ်သား အသစ်စက်စက်များဖြစ်သည့် ကိုစန်းထွန်းအောင်နှင့် ကိုအောင်မျိုးကျော်မှာ မွန်နှင့် ကရင်နယ်စပ်ရှိ စစ်ရေးတင်းမာနေသည့် အနန်းကွင်းစစ်ဗျူဟာအနီး ရဲတံခွန်ရွာ ရှေ့တန်းသို့ အပို့ခံရခြင်းဖြစ်သည်။
ထိုသို့အပို့ခံရပြီး မကြာမီတွင်ပင် တော်လှန်ရေးတပ်ဖြစ်သည့် ဒေါနတပ်ရင်းနှင့် ချိတ်ဆက်ကာ ကင်းတာဝန်ကျချိန် ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်ညတွင် လက်နက်များ ယူဆောင်လာကာ ဘက်ပြောင်းခိုလှုံလိုက်သည်။
၎င်းတို့နှစ်ဦးသည် စစ်သင်တန်းတက်နေချိန် ထွက်ပြေးရန် စီစဉ်ဖူးသော်လည်း အထမမြောက်ခဲ့ပေ။
နောက်ဆုံးတွင် အနန်းကွင်းဗျူဟာအနီး ရှေ့တန်းသို့ အပို့ခံရချိန် ရသည့်အခွင့်အရေးကို လက်လွှတ်မခံဘဲ အရဲစွန့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ကိုအောင်မျိုးကျော်က ဆိုသည်။
သို့သော် လွယ်လွယ်ကူကူထွက်လာရသည်ကားမဟုတ်။ အဆင့်ဆင့်သော ချိတ်ဆက်မှုများလုပ်ဆောင်ပြီးမှ ဒေါနတပ်ရင်းထံ ရောက်လာခြင်းဖြစ်သည်။
ထိုသို့ဘက်ပြောင်းရန် ပထမဆုံးချိတ်ဆက်ရသူက ထိုင်းနိုင်ငံရနောင်းမြို့ရှိ ကိုအောင်မျိုးကျော်၏ အစ်မဖြစ်သည်။
“ရနောင်းမှာရှိတဲ့ ကျွန်တော့်အစ်မနဲ့ ချိတ်ဆက်တယ်။အစ်မကနေ ထောက်ပို့ကို ချိတ်ဆက်တယ်။ ထောက်ပို့ကနေ (ဒေါနတပ်ရင်းနှင့်) ချိတ်ဆက်ပြီးထွက်လာတယ်”ဟု ကိုအောင်မျိုးကျော်က ပြောသည်။
ထိုသို့ ထောက်ပို့တစ်ဦးမှတစ်ဆင့် ချိတ်ဆက်ပြီးနောက် ကင်းတာဝန်ကျနေချိန် ကိုင်ဆောင်ထားသည့် MA 3 သေနတ်တစ်လက်၊ MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် ခြောက်ခု၊ ကျည်ဆန် ၁၇၅ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ ယူဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့ထံ ထွက်ပြေးလာခဲ့သည်။
“သူတို့(စကစ)မူဝါဒတွေက ထိုင်းမှာနေကတည်းက မကြိုက်တာ။ထောင်မကျခင် တော်လှန်ရေးစဖြစ်ကတည်းကကို မကြိုက်တာပါ။ကျွန်တော်တို့ မကြိုက်တာလည်းရှိတယ်။ ထောင်ကျပြီးဒီဖက်ရောက်တော့ ပိုဆိုးသွားတာပေါ့” ဟု ကိုစန်းထွန်းအောင်က ပြောသည်။
စိတ်မပါသော်လည်း ကံကြမ္မာအလှည့်အပြောင်းအရ စစ်ကောင်စီတပ်သားဘဝကို ခဏတာ ရောက်ရှိသွားသော်လည်း ၎င်းတို့၏ လုပ်ရပ်နှင့် မူဝါဒကို မနှစ်သက်သည့်အတွက် စစ်ကောင်စီတပ်ယူနီဖောင်းဖြင့် ဓာတ်ပုံပင် မရိုက်ဖြစ်ကြောင်း ကိုအောင်မျိုးကျော်က ဆိုသည်။
ရက်ကျော်နေထိုင်မှုဖြင့် ထိုင်းနိုင်ငံအတွင်း အဖမ်းခံရသည့်အပေါ် အပြစ်မတင်သော်လည်း ဖမ်းဆီးခံလူငယ်များကို စစ်ကောင်စီလက်သို့ လွှဲပေးခြင်းမှာ မဖြစ်သင့်ကြောင်း သူက မှတ်ချက်ပြု ပြောဆိုသည်။
“သူတို့(စစ်ကောင်စီ) လက်ထဲကိုတော့ မထည့်စေချင်ဘူး ဖြစ်နိုင်မယ်ဆိုရင်။ စစ်တပ်ထဲ ထိုးပြီးအပ်လိုက်သလို ဖြစ်သွားတယ်။ သူတို့လွှတ်ပေးတဲ့ပုံစံကြီးက” ဟု ကိုအောင်မျိုးကျော်က ပြောသည်။
ထိုသို့သော အခင်းအကျင်းများကြောင့် အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထိုင်းနိုင်ငံအနေဖြင့် ဖမ်းဆီးခံမြန်မာနိုင်ငံသားများအား ညှင်းပန်းနှိပ်စက်မှုများကျူးလွန်နေသည့် စစ်ကောင်စီထံ ပြန်ပို့နေခြင်းကို လက်မခံနိုင်ကြောင်း ယမန်နှစ် နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ကမ္ဘာ့နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စောင့်ကြည့်မှတ်တမ်းတင် ဖော်ထုတ်နေပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက်သည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများကို နယ်စပ်ကတဆင့် နေရပ်ပြန်ပို့နေခြင်းက ကုလသမဂ္ဂက ထုတ်ပြန်သည့် ညှင်းပန်းနှိပ်စက်ခံရမှုများကို ဆန့်ကျင်သော သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း HRW က ဖော်ပြထားသည်။
ကုလသမဂ္ဂ သဘောတူညီချက်အရ တစ်ဘက်နိုင်ငံတွင် ညှင်းပန်းနှိပ်စက်ခံရနိုင်ပြီး အန္တရာယ်ရှိနေပါက နေရပ်ပြန်ပို့ခြင်းကို လုံးဝတားမြစ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် နယ်စပ်မှတဆင့် မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံ နေရပ်ပြန်ပို့ခြင်းမလုပ်ရန်နှင့် ယင်းသို့ နေရပ်ပြန်ပို့နေမှုများကိုလည်း ကုလသမဂ္ဂက အရေးယူပေးရန်လည်း HRW အဖွဲ့က တောင်းဆိုထားသည်။
ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights တည်ထောင်သူ Matthew Smith က အတင်းအကျပ် နေရပ်ပြန်ပို့ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရုံသာမက လူသားချင်းစာနာမှုဆိုင်ရာ ဗျူဟာမြောက် အမှားဖြစ်ကြောင်း ပြောသည်။
“ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးပြီး ထိုင်းအရာရှိတွေ ဥပဒေလိုက်နာဖို့နဲ့ အကာအကွယ် လိုအပ်နေသူတွေကို ကူညီဖို့ လုပ်ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။
ကိုစန်းထွန်းအောင်နှင့် ကိုအောင်မျိုးကျော်တို့နှစ်ဦးမှာမူ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ဒေါနတပ်ရင်းထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားပြီဖြစ်သည်။
ထိုသို့ရောက်ရှိချိန်တွင် ၎င်းတို့၏ စိတ်သဌာန်အတွင်းကိန်းအောင်းနေသည့် စစ်အာဏာရှင်တော်လှန်ရေးစိတ်များ ပြန်နိုးထလာပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိ တော်လှန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း နှစ်ဦးလုံးက ဖွင့်ဟကြသည်။
“ကိုယ့်ပြည်သူဘက်က ရပ်တည်ပြီးတော့ပဲ သေမယ်။ သူတို့ကိုပြန်တိုက်မယ်။ တော်လှန်ရေးပြီးတဲ့အထိ တိုက်မယ်”